ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်

ရွေးတုအစိုးရက ၎င်းတို့အာဏာသိမ်း ခြောက် နှစ်ဝန်းကျင်အတွင်း စစ်ရေးပစ်မှတ် မဟုတ်သော နေရာများသို့ ဦးတည်၍ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်နှင့် ပါတီဝင် ၁၃၀ ကျော်အပါအဝင် ပြည်သူ ၆,၅၀၇ ဦး သေဆုံးခဲ့ကြောင်း ထိုပါတီ၏ လူ့အခွင့်အရေး မှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT-NLD)က ယမန်နေ့ ဩဂုတ် ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၉,၃၇၈ ဦးအထိရှိပြီး ယင်းအနက် NLD အမတ် ၁၅၀ ဦး၊ ပါတီဝင် ၂,၇၄၄ ဦး၊ အသက်မပြည့် ကလေးသူငယ် ၂၆၀ ဦးနှင့် အမျိုးသမီး ၂,၇၃၅ ဦး ပါဝင်ကြောင်း HRDT-NLD က ကောက်ယူ မှတ်တမ်းတင်ထားသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းသော ၂၀၂၁ ခုနှစ်မှ ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်အထိ ရွေးတုအစိုးရ၏ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းများကြောင့် ပြည်သူ ၆,၅၀၇ ဦး သေဆုံးခဲ့ရပြီး သေဆုံးသူများတွင် NLD အမတ် ရှစ် ဦး၊ ပါတီဝင် ၁၂၅ ဦး၊ အသက်မပြည့်သေးသော ကလေး သူငယ် ၅၇၃ ဦးနှင့် အမျိုး သမီး ၁,၁၁၉ ဦး ပါဝင်နေကြောင်း သိရသည်။

စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရသည် မဲမသမာမှု စွပ်စွဲချက်ဖြင့် စစ်အာဏာသိမ်းပြီးနောက် NLD ပါတီ ဝင်များနှင့် ရုံးများကို အဓိကပစ်မှတ်ထား ဖိနှိပ်တိုက်ခိုက်နေသလို ပါတီရုံးချုပ် (၄) ကြိမ်၊ တိုင်းနှင့် ပြည်နယ်ရှိ ရုံးများ (၁၅) ကြိမ်၊ ခရိုင်ရုံးများ (၆) ကြိမ်၊ မြို့နယ်ရုံးများ (၁၁၇) ကြိမ်၊ ရပ်/ကျေးရုံးများ (၂၈) ကြိမ် စုစုပေါင်း (၁၇၀) ကြိမ် လာရောက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ပြည်သူများ၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို ဥပဒေမဲ့ ချိပ်ပိတ်သိမ်းယူခြင်း၊ နေအိမ်အတွင်းရှိ ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ သိမ်းဆည်းခြင်းနှင့် ဖျက်ဆီးခြင်းတို့ကြောင့် ပြည်သူ ၈၄၇ ဦး၏ ပိုင်ဆိုင် မှုများ ချိပ်ပိတ်ခံခဲ့ရပြီး နစ်နာဆုံးရှုံးမှု ၁,၀၃၁ ခုရှိကာ ထိုအထဲ NLD အမတ် ၁၉၉ ဦးနှင့် ပါတီဝင် (၂၆၂) ဦးတို့၏ ပိုင်ဆိုင်မှုများလည်း ပါဝင်နေကြောင်း သိရသည်။

အလားတူ ရွေးတုအစိုးရ၏ စစ်ဆင်ရေးနှင့် အကြမ်းဖက်မှုများကြောင့် ပြည်သူ့နေအိမ်၊ အဆောက် အဦပေါင်း ၇၇,၆၂၄ လုံး မီးရှို့ဖျက်ဆီးခံရပြီး အချို့ဒေသများတွင် ထပ်မံမီးရှို့ ဖျက်ဆီးမှုများရှိသဖြင့် မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်ပေါင်း ၁,၉၈၂ ကြိမ်ထိ ရှိလာခဲ့ကြောင်း NLD ပါတီ၏ လူ့အခွင့်အရေး မှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT-NLD) က ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားပြည်သူ နေထိုင်ရာ ရပ်/ရွာများအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့်လည်း လူနေအိမ်၊ ဘာသာရေး အဆောက်အဦ၊ စာသင်ကျောင်းနှင့် ဆေးရုံဆေးခန်းများ စသည့် အဆောက်အဦ ၁၃,၂၇၉ ပျက်စီး၍ အပြစ်မဲ့ပြည်သူ ၃,၅၄၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲကြောင်း သိရသည်

လက်ရှိတွင်လည်း ၎င်းတို့မတရားသဖြင့် ဖမ်းဆီးထားသူများကို စစ်ကြောရေးစခန်းနှင့် အကျဉ်းထောင် များအတွင်း ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လုံလောက်သော ဆေးဝါးကုသမှုနှင့် အခြေခံ လိုအပ်ချက်များ မရရှိစေခြင်း စသည်တို့အပြင် တိုက်ပွဲဖြစ်ခြင်းမရှိဘဲ ရပ်ရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်၍ ဖမ်းဆီးသတ်ဖြတ်၊ မီးရှို့နေကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်