ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်
မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုများကြောင့် ပြည်သူများ ရေဘေးအန္တရာယ်နှင့်ကြုံတွေ့နေရစဉ် ကာလအတွင်း ရွေးတုအစိုးရ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၃၉ ကြိမ်အထိ ပြုလုပ်ခဲ့၍ အရပ်သား ၈၈ ဦးအထိသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထုတ်ပြန်သည်။
နိုင်ငံတစ်ဝန်းရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသည့် ဩဂုတ် ၈ ရက်မှ ၂၃ ရက်နေ့ကာကာလအတွင်း စစ်အုပ်စုသည် တိုင်းနှင့် ပြည်နယ် ၁၁ ခုတွင် လေကြောင်းတိုက်ခိုက်မှုများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ရာ အရပ်သား ၈၈ ဦး သေဆုံးခဲ့ပြီး ၁၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘာသာရေး အဆောက်အအုံ ၁၀ ခု၊ စာသင်ကျောင်း ၃ ကျောင်းအပါအဝင် ဒေသခံများ၏ နေအိမ်၊ အဆောက်အအုံ စုစုပေါင်း ၁၅ ခု ပျက်စီးဆုံးရှုံးခဲ့ရကြောင်း NUG က ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုများမှာ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၄ ခုတွင် အကြိမ် ရေ ၆၀ အထိ ရှိခဲ့ပြီးအရပ်သား သေဆုံးသူ ၃၇ ဦးနှင့် ဒဏ်ရာရရှိသူ ၅၉ ဦးအထိရှိခဲ့ကာ ထိခိုက်သေဆုံးမှုအများဆုံး ဖြစ်ပွားခဲ့သည့် ဒေသတခုဖြစ်ကြောင်း သိရသည်။

စစ်တပ်သည် ရေဘေးဒဏ်ကို အများဆုံးခံနေရသည့် ဝက်လက်၊ ခင်ဦး၊ ကန့်ဘလူ စသည့်မြို့နယ် များတွင်ပင် လေကြောင်းတိုက်ခိုက်မှုများကို အကြိမ်ရေများစွာ ပြုလုပ်နေခြင်းဖြစ်သည်။
ရွေးတုအစိုးရစစ်တပ်သည် ရေဘေးကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများကို မကွေးတိုင်းတွင် ၉၅ ကြိမ်အထိ အများဆုံးပြုလုပ်ခဲ့ကာ စစ်ကိုင်းတိုင်းတွင် ၆၀ ကြိမ်၊ မန္တလေးတိုင်းအတွင်း ၂၇ ကြိမ်နှင့် ရခိုင်ပြည်နယ်အတွင်း ၂၃ ကြိမ် စသည်ဖြင့် တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် ဗုံးကြဲမှုအသီးသီး ပြုလုပ် ခဲ့ကြောင်း သိရသည်။