ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ အဆိုးရွားဆုံး ရောက်သွားခဲ့ပြီး ရိုဟင်ဂျာတွေအ ပေါ် ဖိနှိပ်မှုတွေ ပိုဆိုးလာသလို ကချင်နဲ့ ရှမ်းပြည်နယ်က မြေရှားသတ္တု တရားမဝင် တူးဖော်မှုတွေကြောင့် ဆိုးရွားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ဟာ နယ်မြေထိန်းချုပ်ဖို့ လေကြောင်းတိုက်ခိုက်တာ၊ ရွာ တွေကို မီးရှို့တာနဲ့ အကူအညီတွေ ပိတ်ပင်တာတွေကို လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားတွေရဲ့ ဒုက္ခ ဟာ ပိုပြီး ကြီးမားလာခဲ့တာပါ။

အာဏာသိမ်းမှုနောက်ပိုင်း အရပ်သား ၈,၀၀၀ ကျော် သေဆုံးခဲ့ပြီး အဲဒီထဲမှာ ကလေးငယ် ၁,၀၀၀ ကျော် ပါဝင်ပါတယ်။ သီးခြား သတင်းရင်းမြစ်တွေအရ အရပ်သား သေဆုံးသူဦးရေဟာ ၁၅,၀၀၀ ကျော်အ ထိ ရှိနိုင်တယ်လို့ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ရှောင် ၃ ဒသမ ၆ သန်းအထိ တိုးလာခဲ့သလို လူ ၁၂ သန်းကျော်ဟာလည်း ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်။

ရခိုင်ပြည်နယ်မှာလည်း စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲတွေအတွင်း ရိုဟင်ဂျာ တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စနစ်တကျ ကျူးလွန်နေပါတယ်။

တရားဥပဒေ စိုးမိုးမှု မရှိတော့တာကြောင့် ကချင်နဲ့ ရှမ်းအရှေ့မြောက်ပိုင်းမှာ တရားမဝင် မြေရှား သတ္တု တူဖော်မှုတွေ အဆမတန် မြင့်တက်လာပြီး ရာဇဝတ်ကွန်ရက်တွေကို အားကောင်းစေခဲ့ပါတယ်။

တရားမဝင် သတ္တုတူးဖော်ရာက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းနဲ့ ဓာတုပစ္စည်းတွေကြောင့် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ဖြစ်ပေါ်ပြီး မိခင်နဲ့ ကလေး ကျန်းမာရေးကိုပါ ထိခိုက်နေရပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Volker Turk က ဒီတွေ့ရှိချက်တွေဟာ အလွန် စိုးရိမ်စ ရာကောင်းပြီး မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိ ရောက်စွာ ကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။

ကိုးကား – Al Jazeera
Ref; Human rights situation in Myanmar ‘plummets to new low’, UN says