ဧရာဝတီတိုင်းမ်
(ကလေး)၊ သြဂုတ် ၂၆ ရက်

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ နတ်ချောင်းကျေးရွာ တိုက်ပွဲတွင် ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့ မှ ရဲဘော် လေးဦး ကျဆုံးခဲ့ကြောင်း ယင်းအဖွဲ့က ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

 

ကျဆုံးသည့် ရဲဘော်များသည် ကိုကျော်မိုးဝင်း(ခ)မုဆိုး၊ ကိုဇင်ကိုလတ်၊ ကိုအောင်မြင့်ဝင်း နှင့် ကိုကျော်စိုးအောင် တို့ဖြစ်ကြပြီး ၎င်းတို့သည် ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့ နတ်ချောင်းကျေးရွာ တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။”အရင်ပတ်က ကလေးတောင်းပိုင်းမှာ စစ်ကြောင်းထိုးတယ်။ အဲစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ကြတယ်။ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေတယ်”ဟု ကလေးစစ်ရေးသတင်းအရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ကလေးမြို့နယ်တောင်ပိုင်းတွင် ရွေးတုအစိုးရတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေစဥ် UG အဖွဲ့မှ ရဲဘော်များ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ရဲဘော်များသည် နွေဦးတော်လှန်ရေးအတွက် အသက်ပေးဆပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်နှင့် နိုင်ငံနှင့်လူမျိုးအပေါ် အနစ်နာခံမှုကို ဂုဏ်ပြုကြောင်း UG အဖွဲ့က ဆိုသည်။

လက်ရှိ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကြောင်း ထိုးစစ်သည့် ရွေးတုအစိုးရတပ်သည် ကလေးမြို့ဘက်ကို ယာယီဆုတ်ခွာသွားသဖြင့် စစ်ရေးအခြေအနေမှာ ငြိမ်သက်သွားပြီဖြစ်ကြောင်း သိရသည်။

 

သို့သော်လည်း ရွေးတုအစိုးရတပ်သည် ကလေးမြို့နယ်တောင်ပိုင်းတွင် လေကြောင်းဖြင့် စောင့်ကြည့်မှုများ ပြုလုပ်ပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သည်။