‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၂၅ရက်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တို့တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် ရွေးတုအစိုးရ စစ်တပ် စစ်သင်္ဘောနှင့် စက်လှေများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းများ၊ မြေပြင်စစ်ကြောင်းများဖြင့် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး စက်လှေ တစ် စီး မီးလောင်နစ်မြုပ်သွားကြောင်း မြေပြင်သတင်းရင်း မြစ်များနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။

 

ရွှေကူမြို့နယ်၊ ဇင်ဘုံကျေးရွာ အောက်ဘက်ရှိ ဘုရားအနီးတွင် တပ်စွဲထားသော စစ်တပ်စခန်းသို့ စက်လှေ၊ ဖလပ်သင်္ဘောများဖြင့် တပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းသယ်ယူလာစဉ် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက FPV ဒရုန်းများ၊ အသေခံဒရုန်းများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“စစ်ကြောင်းမှူးပါတဲ့ စက်လှေ တိုက်ခိုက်ခံရတာလို့ သိရပါတယ်။ အသေအပျောက် များတယ်” ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ယမန်နေ့ ဩဂုတ် ၂၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွင်း ကမ်းကပ်လာသော စစ်တပ်စက်လှေ တစ်စီးမှာ FPV ဒရုန်း ထိမှန်ဖောက်ခွဲခံရပြီး မီးလောင်နစ်မြုပ်သွားခဲ့သည်။ ထို့ပြင် စက်လှေပေါ်ပါ စစ်တပ် တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးခဲ့ပြီး မြေပြင်တွင်လည်း ရွှေကူသို့ ဝင်လာသည့် စစ်တပ် စစ်ကြောင်းများ ပိတ်ဆို့ချေမှုန်းခံနေရကြောင်း သိရသည်။

 

အလားတူ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်းသို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် ရွေးတုအစိုးရစစ်တပ် စစ်သင်္ဘောများသည် ယနေ့ ဩဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် ထီးချိုင့်မြို့နယ်၊ ကျောက်မှော်ကျေးရွာသို့ ရောက်ရှိနေပြီဖြစ်၍ မကြာမီတွင် ကသာမြို့နယ်အတွင်းသို့ ဝင်ရောက် လာမည်ဖြစ်သည်။

စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဆန်တက်စဉ် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည့်အပြင် အရပ်သားပြည်သူများနှင့် ဘာသာရေး အဆောက်အအုံများကိုပါ တိုက်ခိုက် လေ့ရှိသည်။

 

ထို့ကြောင့် ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မြစ်ကမ်းဘေးရှိ မိဘပြည်သူများအနေဖြင့် လက်နက်ကြီး အန္တရာယ်နှင့် လေကြောင်းအန္တရာယ်တို့မှ လွတ်ကင်းစေရန် အမြန်ဆုံး ကြိုတင် ရှောင်ရှားကြရန်နှင့် ပေါ့ဆ မှုမရှိဘဲ အထူးဂရုပြု နေထိုင်ရန် သတိပေးနှိုးဆော်ထားသည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်