ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၅ ရက်
ရွေးတုအစိုးရစစ်တပ်၏ မုံရွာအခြေစိုက် တပ်မ (၃၃) လက်အောက်ခံ ခမရ-၁၂ တပ်ရင်းတွင် စစ်ဆင်ရေးဝင်ရန် လိုအပ်သည့် တပ်ဖွဲ့စည်းပုံ မပြည့်မီဘဲ အရာရှိနှင့် စစ်သည်အင်အား အမြောက်အမြား ပြုန်းတီးနေကြောင်း စစ်တပ်အတွင်းမှ ပေါက်ကြားလာသည့် “ရှိထွက်ချန်” လျှို့ဝှက်စာရွက် စာတမ်းများအရ သိရသည်။
တိုက်ခိုက်ရေးတပ်ရင်းတစ်ခုတွင် တပ်ခွဲမှူးနှင့် တပ်စုမှူး ရာထူးများအတွက် အရာရှိ အနည်းဆုံး ၂၀ ဦး ခန့်အပ်ရမည်ဖြစ်သော်လည်း ယခု ၁၄ ဦးသာ ရှိတော့သဖြင့် စစ်ဆင်ရေးထွက်ရာတွင် လိုအပ်သည့် အရာရှိအင်အား၏ ထက်ဝက်ကျော် နည်းပါးနေခြင်းဖြစ်သည်။ ထို့ပြင် နွေဦးတော်လှန်ရေးကာလအတွင်း တပ်ရင်း၏ သန္ဓေစစ် သည်အင်အားမှာလည်း ၁၈၀ ခန့်ရှိသင့်ရာမှ ၁၁၀ ခန့်သာ ကျန်ရှိတော့သည်။
ထို့ကြောင့် စုစုပေါင်းအင်အား ၃၈၀ အနက် ၂၅၆ ဦးမှာ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စုဆောင်းထားသည့် လူသစ်များဖြစ်ရာ တပ်ရင်းအင်အား၏ ၇၀ ရာခိုင်နှုန်းခန့်မှာ လေ့ကျင့်ရေး မပြည့်ဝသေးသည့် လူသစ်စစ်သားများဖြင့်သာ ဟန်ပြ စစ်ကြောင်းဖွဲ့ထားကြောင်း သိရသည်။

“လက်ရှိ ခမရ-၁၂ ရဲ့ အခြေအနေက တပ်မပျက်ရုံတမယ် ဖြစ်နေတာပါ။ ပုံမှန် စစ်ဆင်ရေးထွက်ရင် ကွပ်ကဲအဖွဲ့မှာ အရာရှိ ၁၀ ဦးကနေ ၁၂ ဦးအထိ ပါရမှာဖြစ်ပေမဲ့ အခု ၅ ဦးနဲ့ပဲ ကမန်းကတန်း ထွက်နေရတယ်။ အရန်အင်အားရော တိုက်ခိုက်ရေးအင်အားရော လုံးဝ မပြည့်တော့ဘူး” ဟု စစ်တပ်ရှိ သတင်းရင်းမြစ်တစ်ခုက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိ တပ်ရင်းများတွင် အရာရှိအင်အား ပြတ်လပ်မှု ဆိုးရွားနေသဖြင့် တပ်ရင်းတစ်ခု၏ အရာရှိဖွဲ့စည်းပုံတွင် ဗိုလ်မှူး (Major) လေးဦးစလုံးမှာ ပုံမှန်ရာထူးများအတိုင်း မဟုတ်ဘဲ ယာယီ တပ်ရင်းမှူး၊ ယာယီဒုတိယတပ်ရင်းမှူးနှင့် ယာယီတပ်ခွဲမှူးများအဖြစ် အသီးသီး အစားထိုး တာဝန်ယူနေရသည်။
ထို့ကြောင့် ယခင်က ဗိုလ်ကြီး (Captain) အဆင့်များသာ တာဝန်ယူလေ့ရှိသည့် အင်အား ၁၀၀ ဝန်းကျင် ကွပ်ကဲရသော တပ်ခွဲမှူး နေရာများတွင် ဗိုလ်မှူး (Major) များက အောက်ဆင်း၍ ဝင်ရောက် တာဝန်ယူနေရသလို၊ အောက်ခြေအဆင့် အင်အား ၃၀ ဝန်းကျင်ကို ကွပ်ကဲရသည့် တပ်စုမှူး နေရာများတွင်လည်း စာတွေ့၊ လက်တွေ့ မကျွမ်းကျင်သေးသော ဗိုလ်/ဒုဗိုလ်အဆင့်ရှိ အရာရှိငယ်များကို အရေးပေါ် ဖြည့်တင်းထားရသည်။
ခမရ-၁၂ တပ်ရင်း၏ စစ်ဆင်ရေးထွက်အင်အားတွင် အရာရှိ ၅ ဦး၊ သန္ဓေ ၅၃ ဦး၊ လူသစ် ၇၆ ဦး (စုစုပေါင်း ၁၅၀ ဦး) သာ ပါဝင်နိုင်သည်။ ကျန်ရှိသည့် အရာရှိ ၆ ဦး၊ သန္ဓေ ၄၀ ဦး၊ လူသစ် ၁၂၈ ဦး (စုစုပေါင်း ၂၀၃ ဦး) မှာ တံတားလုံခြုံရေးနှင့် စခန်းများတွင် ပြန့်ကျဲလှုပ်ရှားနေရပြီး နောက်ချန်တပ်၌ ၁၀၀ ဦး ကျန်ရှိသည်။
စစ်ဆင်ရေးအတွင်း အရာရှိ ၁ ဦး၊ သန္ဓေ ၁၀ ဦး၊ လူသစ် ၈ ဦး (စုစုပေါင်း ၁၈ ဦး) မှာလည်း ကင်းကွာ/ပျောက် ဆုံး စာရင်းဝင်သွားခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်ပြောင်းသွားခြင်း သို့မဟုတ် တိုက်ပွဲအတွင်း သေဆုံးသွားခြင်း ဖြစ်နိုင်ကြောင်း တပ်သတင်းရင်းမြစ်က သုံးသပ်သည်။
လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်၌ ခြေလျင်/ခြေမြန် တိုက်ခိုက်ရေးတပ်ရင်း ၅၂၂ ရင်း ရှိသော်လည်း ကြည်း တပ်၏ တိုက်ခိုက်ရေးအင်အားမှာ နှစ်သိန်း (၂၀၀,၀၀၀) ပင် မရှိတော့ပေ။ အထူးသဖြင့် ရှမ်းမြောက်နှင့် ရခိုင်ဒေသတို့တွင် တပ်ရင်းဌာနချုပ်များ ပြိုကွဲခဲ့ရသဖြင့် တပ်ပျက်များကို ပြန်လည်တွဲဖက်ကာ စုဖွဲ့နေရသဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တပ်ဖွဲ့စည်းပုံ ပျက်ယွင်းနေ ပြီဖြစ်ကြောင်း ပေါက်ကြားလာသော လျှို့ဝှက်အချက်အလက်များအရ သိရသည်။
ပုံစာ-ရွေးတုအစိုးရ၏ စစ်မှုထမ်းရန် အဓမ္မစုဆောင်းခံရသူများနှင့် စစ်မှုထမ်းသင်တန်း တက်ရောက် နေသူများကိုတွေ့ရစဉ်