ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၅ ရက်
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံကို စစ်အုပ်စုက အာဏာသိမ်းလိုက်သည့်ကာလမှ စတင်ကာ ၂၀၂၆ခုနှစ်၊ ဩဂုတ် ၂၁ ရက်နေ့အထိ ငါး နှစ်တာကာလအတွင်း မြန်မာမိခင်များမှ မွေးဖွားသည့် ကလေးပေါင်း ၁၃၁၈၆၀ ကျော်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ၂၀၂၁ ခုနှစ်တွင် ၁၈၉၀၅ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၂၈၇၂၈ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၂၄၁၅၄ ဦး၊ ၂၀၂၄ ခုနှစ်တွင် ၂၅၀၈၇ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။
“လူမှုဖူလုံရေးက လတိုင်း တလကို လစာရဲ့ ငါး ရာခိုင်နှုန်း ဖြတ်တယ်။ အစအဆုံး ပိုက်ဆံ အရင်ထုတ်ရတာ။ ဒါတောင် မွေးစရိတ်က ဘတ်၁၅၀၀၀ ။ ခွဲမွေးရင် ဘတ် ၄၀၀၀၀ ၀န်းကျင်ကုန်တယ်။လူမှုဖူလုံရေးက ကလေးမွေးပြီး မွေးစာရင်းရတော့မှ မွေးစာရင်းကနေပြီးတော့ ကလေးမွေးစရိတ်၊ အလုပ်နားခ အဲ့လိုပြန်ထည့်ပေးတာ” ဟု ထိုင်းရောက်မြန်မာအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ၂၀၂၅ ခုနှစ်တွင် ၂၈၈၆၉ ဦးနှင့် ၂၀၂၆ခုနှစ် ဩဂုတ် ၂၁ ရက်နေ့အထိ ၁၆၁၁၇ ဦးတို့ကို မှတ်တမ်းတင်ထားနိုင်ကြောင်းလည်းသိရသည်။
ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် နယ်စပ်နေပြည်သူများမှာ ကျန်းမာရေးစောင့်ရှောက်မှုကွာခြားချက်ကြောင့် ထိုင်းနိုင်ငံတွင် လာရောက်ကလေးမွေးဖွားမှုမှာ ယခင်အချိန်များကတည်းကရှိနေခြင်းဖြစ်သည်။
စစ်အုပ်စု၏ တရားမဝင်အာဏာသိမ်းမှုနှင့် စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံသို့ရွှေ့ပြောင်းလာသူများကြောင့် ကလေးမွေးဖွားမှုမြင့်မားလာမှုများအပြင် မြန်မာနိုင်ငံအတွင်း ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းလာမှုများကြောင့် လာရောက်ကလေးမွေးဖွားသူအများအပြား ရှိနေကြောင်းလည်း သိရသည်။
ယခုစာရင်းများမှာ ထိုင်းနိုင်ငံအတွင်းမွေးဖွားခဲ့သည့် မြန်မာနိုင်ငံသားမိခင်များကိုသာ အခြေခံတွက်ချက်ထားခြင်းဖြစ်ပြီး မွေးဖွားခဲ့သည့်ကလေးငယ်များ၏ နိုင်ငံသားဖြစ်မှုအခြေအနေကို ဖော်ပြထားခြင်းမရှိပါ ။
ကိုးကား – The Thaigar