ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၅ ရက်

 

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ညောင်တုန်းတာသည် ယနေ့ ဩဂုတ် ၂၅ ရက်နေ့ မနက်ပိုင်းတွင် အလျား ပေ ၃၀၀ နှင့် အနံ ၆၀ပေ ခန့် တာပဲ့ကျသွားသောကြောင့် မြို့ထဲရေဝင်ရောက်မှုမရှိစေရန်အတွက် ကာကွယ်နေကြောင်း သတင်းရရှိသည်။

 

ညောင်တုန်းကျွန်းတာ ( ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/ ၆ မှ ၁၁/ ၇ ကြားတွင် တာအိပဲ့ကျသွားသဖြင့် တာကျိုးပေါက်၍ ရေဝင်ရောက်မှု မဖြစ်ပေါ်စေရန်အတွက် ဒေသခံပြည်သူများနှင့် သန္ဓေမီးသတ်တပ်ဖွဲ့တို့ပူးပေါင်းပြီး ဝါးကတုတ်ရိုက်ခြင်း၊ သဲဖို့ခြင်း၊ သဲအိတ်စီခြင်းများလုပ်ကိုင်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“မိုးဆက်ကြီးနေမယ်ဆိုရင် ကြိုတင်ကာကွယ်မှုမရှိဘဲနဲ့ ညောင်တုန်းမြို့အခက်ကြုံတော့မယ်။ ဒီနှစ်ဧရာဝတီတိုင်းမှာ တာတွေစိုးရိမ်စရာဖြစ်နေတယ်။ တာ၊ တမံတွေအတွက် တာဝန်အရှိဆုံးကဆည်မြောင်းပဲ။ အမြဲစောင့်ကြည့်တိုင်းတာနေရမှာ။ မိုးလည်းမြစ်ရေတိုးနဲ့ မခံနိုင်တော့ဘူး” ဟု ရေဘေးကူညီသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

 

လက်ရှိတွင် ပြည်သူအင်အား ၁၀၀၀ ကျော်ခန့်ဖြင့် ဆောင်ရွက်လျက်ရှိပြီး စိုးရိမ်စရာအခြေအနေမရှိကြောင်း ဧရာဝတီတိုင်းရွေးတုအစိုးရက ထုတ်ပြန်ထားသည်။

လေဖိအားနည်းရပ်ဝန်းနှင့် အပူပိုင်းမုန်တိုင်း နာရာကြောင့် ဧရာဝတီတိုင်းအတွင်း နေရာကွက်၍ မိုးကြီးနိုင်ပြီး မိုးရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

ဧရာဝတီတိုင်းအတွင်း ငဝန်မြစ်တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ ရေလွှမ်းမိုးခံရပြီးနောက် ငါးသိုင်းချောင်း၊ ဟင်္သတ၊ ရေကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိသည်။

 

ဓာတ်ပုံ – MFS၊ ဒေသခံ