‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၂၅ရက်

‎ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တပ်စခန်းများနှင့် ရှေ့တန်းတပ်ရင်းများကို အင်အားထောင်ချီ ထပ်မံဖြည့်တင်းလျက်ရှိပြီး ဒေသခံ မူဆလင်လူငယ်များကိုလည်း ဖမ်းဆီး၍ အဓမ္မစစ်သင်တန်းပေးမှုများ ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎စစ်တပ်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရေကြောင်းမှတစ်ဆင့် စစ်အင်အား ၁,၀၀၀ ခန့်ကို စစ်တွေမြို့သို့ ပို့ဆောင်ခဲ့ပြီး မြို့အခြေစိုက် ခမရ (၃၅၄)၊ ခလရ (၃၄၄) နှင့် ခလရ (၂၃၂) တပ်ရင်းများတွင် အင်အားများ ဖြန့်ခွဲနေခြင်းဖြစ်သည်။

‎”ရန်ကုန်က တပ်သားသစ်စုပေါင်းအင်အားတွေတင်ထားတဲ့ ရေယာဉ်တွေ စစ်တွေရောက်သွားပြီလို့ ယူဆရပါတယ်။ တပ်စခန်းတစ်ခုကို အင်အား ၂၀၀ လောက် ဖြန့်ခွဲပို့တယ်လို့ သိရပါတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ရန်ကုန်မြို့မှ စစ်သင်္ဘော၊ ကုန်တင်သင်္ဘောများဖြင့် လက်နက်ခဲယမ်းနှင့် အင်အားများကို ပို့ဆောင်ကာ စစ်တွေမြို့မှတစ်ဆင့် ရှေ့တန်းတပ်ရင်းများကို အင်အားဖြည့်တင်းနေခြင်း ဖြစ်သည်။

‎ထို့အပြင် ပါဒလိတ်တပ်ရင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အနီးရှိ နာရီကန်တပ်ရင်းနှင့် ရေချမ်းပြင်အနီးရှိ တပ်ရင်းများကို စစ်ကားများဖြင့် အင်အား ပို့ဆောင်ဖြန့်ကြက်ထားသည်။ ထို့အပြင် ရွှေမင်းဂံရေတပ်အနီးတွင် စစ်ရေယာဉ် အများအပြား နေရာချထားသည်။

‎စစ်တပ်သည် စစ်တွေမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းများနှင့် ကျေးရွာများမှ မူဆလင် လူငယ်များကို ဖမ်းဆီးကာ စစ်သင်တန်းပေးလျက်ရှိသည်။ ပြီးခဲ့သည့်နှစ်ကလည်း အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် သူများထဲမှ အသက် ၁၈ နှစ်မှ ၅၀ နှစ်အတွင်း အမျိုးသားများကို ရွေးထုတ်ခေါ်ဆောင်၍ စစ်သင်တန်းပေးခဲ့သည်။

‎ထို့ပြင် စစ်တွေမြို့နယ်အတွင်းရှိ သဲချောင်း၊ သက္ကယ်ပြင်၊ ပုလ္လင်ပြင်၊ ဒါးပိုင်၊ အုန်းတောကြီး၊ အုန်းတောငယ် နှင့် ဘုမ စသည့် မူဆလင်ကျေးရွာများမှ လူငယ် ၁၂၀ ခန့်ကို ပြီးခဲ့သည့်နှစ်ကတည်းက စုဆောင်းကာ ဒကစရှိ လေ့ကျင့်ရေးကွင်းတွင် စစ်သင်တန်းပေးခဲ့ဖူးသည်။

‎လက်ရှိအချိန်တွင် စစ်တွေမြို့နယ်အတွင်း စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ထိတွေ့တိုက်ပွဲကြီးများ မပြင်းထန်သေးသော်လည်း လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများရှိနေပြီး ကျားမသောက်နှင့် ရွှေမင်းဂံဘက်ကို AAက ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ထားသည်။