ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၅ ရက်

 

ဧရာဝတီတိုင်းအတွင်း ငဝန်မြစ်တာနှင့် ပန်းတာ ကျိုးပေါက်မှုကြောင့် မြို့နယ် ၆ မြို့နယ် ရေလွှမ်း ခံရသည်မှာ သီတင်းပတ် လေးပတ်နီးပါး ကြာမြင့်လာသော်လည်း တာပြုပြင်မှု မည်သည့်အချိန်တွင် ပြီးစီးမည်ကို ရွေးတုအစိုးရက ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

 

ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်တွင် လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်တာနှင့် ပန်းတာ ပေ ၁၂၀ ခန့် ကျိုးပေါက် ခဲ့ခြင်းဖြစ်ပြီး လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ ဟင်္သတ၊ ရေကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့တို့တွင် ရေကြီးရေလျှံမှု ကူးစက်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တာကျိုးပေါက်မှုကို သောင်တူးသင်္ဘောဖြင့် သဲနုန်းဖို့ခြင်း၊ ကျောက်ထုတ်ခြင်း၊ သောင်တူးစက်၊ သဲမှုတ်စက်များနှင့် သဲအိတ်များ ထပ်တိုးအသုံးပြုကာ ပြုပြင်နေကြောင်း ရွေးတုအစိုးရက ထုတ်ဖော် ပြောဆိုနေသော်လည်း လုပ်ငန်းပြီးစီးမှု ရာခိုင်နှုန်းနှင့် မည်သည့်အချိန်တွင် ပြီးစီးမည်ဆိုသည်ကိုမူ သတင်းအမှောင်ဖုံးထားပြီး ပြောဆိုနိုင်ခြင်းမရှိပေ။

 

အဆိုပါ ရေကြီးရေလျှံမှုကြောင့် ကျောင်းနေအရွယ် ကလေးများအပါအဝင် အနည်းဆုံး လူ ငါး ဦး သေဆုံးခဲ့ရပြီး စပါးခင်းဧကများစွာ ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် ရေကြီးမှုသည် သီတင်းပတ် လေးပတ်အတွင်း ရောက်ရှိလာသဖြင့် ရေဘေးသင့် ပြည်သူများတွင် အဝတ်အထည်၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေးသုံး ပစ္စည်းများ အရေးပေါ်လိုအပ်နေပြီး ကလေးများ ဖျားနာခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်းနှင့် သွေးလွန်တုပ်ကွေး သံသယဖြစ်ဖွယ် ရောဂါများပါ ကြုံတွေ့နေရကြောင်း လူမှုကူညီရေး အဖွဲ့အစည်းများထံမှ သိရသည်။

 

ရွေးတုအစိုးရအနေဖြင့် လေးမျက်နှာမြို့အတွင်း ရေဝင်ရောက်သည့် အမြင့်ပေကို ထုတ်ပြန်ခြင်း မရှိ သော်လည်း ဩဂုတ် ၂၄ ရက်တွင် မြစ်ရေ ၅ ပေ ၈ လက်မခန့် ကျဆင်းသွားကြောင်း ထုတ်ပြန်ထားပြီး ကျုံပျော်မြို့တွင်မူ ဝမ်းပျက်ဝမ်းလျှောနှင့် ကိုဗစ်ကာကွယ်ဆေးများ လိုက်လံထိုးပေးနေကြောင်း သိရသည်။

 

ဓာတ်ပုံ-ရေဘေးကူညီရေးအဖွဲ့အစည်းများ၊