ဧရာဝတီတိုင်းမ်
သြဂုတ် ၂၅ ရက်
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားအနီးရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA – ဗဟို) ရုံးခန်းအတွင်း ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်အား ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်း ခဲ့သည့် အမှုမှ သံသယရှိသူ အမျိုးသား လေး ဦးကို ပြီးခဲ့သည့် သြဂုတ် ၂၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်နက် ကိုင်ဆောင်ထားသည့် အမည်မသိ အမျိုးသား လေး ဦးသည် ပြီးခဲ့သည့် သြဂုတ် ၂၁ ရက် မွန်းလွဲ ၁ နာရီခန့်က ရွှေတိဂုံဘုရား မြောက်ဘက်မုခ်နှင့် အနောက်ဘက်မုခ်ကြားရှိ YMBA ရုံးခန်းအတွင်းသို့ ဝင်ရောက်ရှိလာပြီး ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်အား ရိုက်နှက်၍ ဖုန်းလုယူကာ ဖမ်းဆီး ခေါ်ဆောင်ရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အခင်းဖြစ်ပွားပြီး ၂ ရက်အကြာ သြဂုတ် ၂၃ ရက်တွင် ကျူးလွန်သူဟု ယူဆရသူ လေး ဦးကို ရွေးတုအစိုးရ စစ်တပ်နှင့် လက်အောက်ခံ ရဲတပ်ဖွဲ့တို့က ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် ဒဂုံမြို့မရဲစခန်း၌ စစ်ဆေးမေး မြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း နီးစပ်သူများထံမှ သိရသည်။

“ရဲနဲ့စစ်တပ်က သူတို့လူကိုထိမှ ဖမ်းပေး ရှာပေးတာ။ သာမန်ပြည်သူဆိုရင် ပိုက်ဆံကိုလှည့်ပတ် တောင်းပြီး တရားခံကိုလည်း ရှာမပေးဘူး။ အခုကျမြန်လိုက်တာ ဖမ်းမိတာ”ဟု ယခုဖြစ်စဉ်ကို သိရှိ ထားသူ ပြည်သူတစ်ဦးက ဧရာ၀တီတုင်းမ်ကို မှတ်ချက်ပြုပြောဆိုသည်။
ရိုက်နှက်ခံရသူ ဦးမောင်မောင်ညွန့်၏ “Thu Sin Kyal” လူမှုကွန်ရက်စာမျက်နှာတွင် “အဖွဲ့စုံနဲ့ ၂ ရက် ပိုက်စိပ် တိုက်လိုက်ရာမှ တရားခံများကို မိပြီဖြစ်ကြောင်း၊ ဒဂုံမြို့မရဲစခန်းသို့ လွှဲပြောင်းပေးထားပြီး နိုင်ငံတော်အဆင့် သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း” ရေးသားဖော်ပြထားပြီး ၎င်း၏ ကျန်းမာရေး အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပြီး ဖုန်းမှာမူ ပြန်လည်မရရှိသေးကြောင်း သိရသည်။
အဆိုပါ အခင်းမဖြစ်ပွားမီ တစ်ရက်ကလည်း YMBA အသင်းရုံးအတွင်းရှိ CCTV ကွန်ပျူတာ Hard Disk အခိုးခံခဲ့ရကြောင်းနှင့် ပစ်ခတ်မှုများ၊ ပူးပေါင်းကြံ စည်မှုများတွင် ရန်ကင်းမြို့နယ်အတွင်းသူအချို့ ပါဝင်နေကြောင်းကိုလည်း ဦးမောင်မောင်ညွန့်က မှတ်ချက်ပြု ရေးသားထားသည်။
ရိုက်နှက်ခံရသူ ဦးမောင်မောင်ညွန့်သည် စစ်အာဏာမသိမ်းမီက ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင် ခဲ့ဖူးပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NDF ပါတီကိုယ်စားပြု၍ ရန်ကင်းမြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။
ပုံစာ -ဖမ်းဆီးချုပ်နှောင်ခံရစဉ် YMBA အတွင်းရေးမှူးပုံ/ YMBA အဖွဲ့ဝင်များ