နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၅ ရက်

စစ်အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံမှ အသုတ်လိုက် ခွဲ၍ ဝယ်ယူထားသည့် K-8W တိုက်လေယာဉ် တစ်စင်း မန္တလေးတိုင်း မိတ္ထီလာမြို့တွင် ပျက်ကျခဲ့ပြီး အမောင်းသင်ဗိုလ် သေဆုံးခဲ့ရသည့် ဖြစ်စဉ်ကို ရွေးတုအစိုးရက လက်ရှိအချိန်အထိ သတင်းထိန်ချန် ဖုံးကွယ်ထားကြောင်း လေတပ် CDM အရာရှိများထံမှ သိရသည်။

K-8W တိုက်လေယာဉ်သည် ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်းမှ လေ့ကျင့်ပျံသန်းနေစဉ် လေတပ်စခန်း အနီးဝန်းကျင်တွင် ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ အမောင်းသင်ဗိုလ် ထက်လှိုင် ဆိုသူ သေဆုံး သွားခဲ့ပြီး ၎င်း၏ နာရေးကို ဩဂုတ် ၂၃ ရက်တွင် ပြုလုပ်ခဲ့သလို လေယာဉ်နည်းပြ ဗိုလ်မှူးတစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သဖြင့် စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“နည်းပြ ဗိုလ်မှူး ဒဏ်ရာရတယ်။ သင်တန်းသားဗိုလ် သေတယ်ဗျ။ ဗိုလ်ထက်လှိုင်လို့ သိရပါတယ်။ တစ်နေ့က နာရေးချတယ်။ ဗိုလ်မှူးကတော့ ဘယ်သူဆိုတာ မသိရသေးဘူး။ သူတို့လုပ်နေကျပုံစံအတိုင်း စုံခုံဖွဲ့ပြီး စက်ပစ္စည်းပေါ် အပြစ်လွှဲချနိုင်ပါတယ်” ဟု လေတပ် CDM အရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုကဲ့သို့ လေ့ကျင့်ရေး ပျံသန်းစဉ် ပျက်ကျရသည့် အကြောင်းရင်းကို ဧရာဝတီတိုင်းမ်က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါ K-8W တိုက်လေယာဉ်များသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံမှ အစိတ်အပိုင်းလိုက် ကွန်တိန်နာများဖြင့် သင်္ဘောမှတစ်ဆင့် ပို့ဆောင်ကာ မိတ္ထီလာရှိ လေယာဉ်ထုတ်လုပ် ပြင်ဆင်ရေးဌာန ချုပ်တွင် တပ်ဆင်အသုံးပြုနေသည့် လေယာဉ်များဖြစ်သည်။

ရွေးတုအစိုးရဘက်ကမူ ယင်းတိုက်လေယာဉ် ပျက်ကျသည့် သတင်းကို အမှောင်ချ ဖုံးကွယ်ထားဆဲ ဖြစ်သည်။

“အခုဟာက လေ့ကျင့်ရင်းနဲ့ ဖြစ်တတ်တဲ့ သဘာဝရှိလို့၊ ပိုင်းလော့တွေကလည်း အခုမှမောင်းတတ် ခါစဆိုတော့ ဖြစ်နေကျပဲ။ အဲဒါမို့ မထုတ်ပြန်ဘဲ ဒီအတိုင်းထားတာ” ဟု လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ လွန်ခဲ့သည့် ဩဂုတ် ၃ ရက် နံနက်ပိုင်းကလည်း ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင် ရွာအနီး၌ တရုတ်နိုင်ငံထုတ် FTC-2000G ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ်တစ်စင်း လေ့ကျင့် ပျံသန်းစဉ် ပျက်ကျခဲ့သည်။

ယင်းဖြစ်စဉ်တွင်လည်း ငှက်နှင့်တိုက်မိ၍ အင်ဂျင် မီးလောင် ပျက်ကျခြင်းဖြစ်ကြောင်း ရွေးတုအစိုးရက ထုတ်ပြန်ခဲ့သော်လည်း လက်တွေ့တွင် စက်ချို့ယွင်းမှုကြောင့် ပျက်ကျခြင်းဖြစ်ပြီး တရုတ်ထုတ် စက်ပစ္စည်း အရည်အသွေး ညံ့ဖျင်းမှုကို တရုတ်အလိုကျ ဖုံးကွယ်ပေးခဲ့ခြင်းဖြစ်ကြောင်း လေတပ် အသိုင်းအဝိုင်းထံမှ သိရသည်။

ပုံစာ- K-8W တိုက်လေယာဉ် (ပုံဟောင်း)