ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၄ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဝမ်းကလေးကျေးရွာတွင် ရွေးတုအစိုးရစစ်တပ်နှင့် စစ်တပ် လက် အောက်ခံ ဝါရာဇွပ် ပြည်သူ့စစ်၊ ရှမ်းနီတပ် (SNA) ပူးပေါင်းအဖွဲ့များ၏ သတ်ဖြတ်ခြင်း ခံထားရသည်ဟု ယူဆရသော အရပ်သား ၂၅ ဦး၏ ရုပ်အလောင်းများကို တူးဖော်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သော မှော်ဝမ်းကလေးကျေးရွာအတွင်းသို့ ပြည်သူများ ပြန်လည် ဝင်ရောက်နေထိုင်ခွင့် ရရှိပြီးနောက် အိမ်ဝိုင်းနှင့် ခြုံနွယ်များ ရှင်းလင်းရေး ပြုလုပ်စဉ် မသင်္ကာဖွယ် မြေနေရာများကို တူးဖော်ရာမှ အဆိုပါ ရုပ်အလောင်းများကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“အခုတွေ့တာက ၂၅ လောင်းပေါ့။ တခြားနေရာတွေမှာလည်း ထပ်တွေ့နိုင်သေးတယ်။ ဒေသခံတွေ ပြန်ဝင်လာကြလို့ ရှင်းလင်းတာလုပ်ရင် ထပ်တွေ့နိုင်ပါတယ်။ သတ်ဖြတ် အလောင်းမြှုပ်ထားကြတာ” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသူများ မည်သူမည်ဝါ ဖြစ်သည်ကို လက်ရှိတွင် စုံစမ်းစစ်ဆေးဆဲ ဖြစ်ပြီး မိသားစု၊ အသိုင်းအဝိုင်း သို့မဟုတ် အဆက်အသွယ် ပျောက်ဆုံးနေသည်မှာ ကြာမြင့်နေပြီဖြစ်သော ရင်းနှီးသူများ ရှိပါက မှော်ဝမ်းကလေးကျေးရွာသို့ စုံစမ်း မေးမြန်းသင့်ကြောင်း ဒေသခံများက နှိုးဆော်ထားသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက စစ်တပ်က စစ်ကြောင်းထိုးလာသည့်အတွက် ကျန်ရှိနေသည့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရပြီး အရပ်သားနေအိမ် ၅၈ လုံးကျော်ကိုလည်း မေလအတွင်းတွင် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့အပြင် တိုက်ပွဲအတွင်း စစ်တပ်၏ လူသားဒိုင်း ပြုလုပ်ခြင်း ခံခဲ့ရသည့် ဒေသခံ အများအပြား ရှိနေပြီး ပစ္စည်းလုယက် သတ်ဖြတ်ခံရသူများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ- Naw Tu Awng