ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ သြဂုတ် ၂၄ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပလက်ဝ – ကျောက်တော် ကားလမ်းပေါ်ရှိ စိမ့်ညှင်းဝကျေးရွာကို ရွေးတုအစိုးရတပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ငါး ဦးသေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရွေးတုအစိုးရတပ်သည် ယနေ့ သြဂုတ်လ ၂၄ ရက်နေ့၊ မနက် ၁၁ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ဂျက်ဖိုက်တာနှစ်စင်းဖြင့် စိမ်းညှင်းဝရွာကို ပေါင် ၅၀၀ ဗုံး နှစ် လုံး၊ ပေါင် ၃၀၀ ဗုံး တစ် လုံးနှင့် ရောကတ်ဗုံးသီး ရှစ် လုံးတို့ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ရွာထဲမှာရော၊ ရွာအပြင်ဘက် အရပ်သားတွေ ရွှေ့ပြောင်းနေထိုင်တဲ့ နေရာတွေကိုပါ ပေါင် ၅၀၀၊ ၃၀၀ ဗုံးသီးတွေနဲ့ ကြဲချသွားပြီး ရောကတ် ဗုံးသီးနဲ့ တိုက်ခိုက်သွားတာပါ”ဟု အာရက္ခတပ်တော် (AA) နှင့်နီးစပ်သည့် ပလက်ဝဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ငါး ဦး သေဆုံးခဲ့ပြီး ၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်များနှင့် ဘုန်းကြီးကျောင်းတို့ ထိခိုက်ပျက်စီးသွား ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို ပလက်ဝမြို့အပါအဝင် နီးစပ်ဆေးရုံများကို ပြောင်းရွှေ့ပြီး အရေးပေါ် ဆေးကုသမှုပေးနေရကြောင်းသိရသည်။
သေဆုံးသူများမှာ စိမ်းညှင်းဝကျေးရွာနေ အရပ်သားများဖြစ်ကြသည့် မောင်မြတ်ကျော်နိုင် (၁၀) နှစ်၊ ဦးစံထွီးခိုင် (၇၁) နှစ်၊ ဦးမောင်လှစိန် (၄၆) နှစ် ဦးမောင်ထွန်းစိန် (၃၆) နှစ် နှင့် မောင်ထက်မြတ်ကျော် တို့ဖြစ်ကြောင်း သိရသည်။
ရွေးတုအစိုးရတပ်သည် ပြီးခဲ့သည့် ဩဂုတ် ၁၂ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ ဆမီးမြို့ကို လေကြောင်း ဗုံးကြဲချတိုက်မှုကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ်များအပါအဝင် အရပ်သား ရှစ် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ-CJ