ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၄ရက်
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ရွေးတုအစိုးရ စစ်တပ်က အင်အားဖြည့်တင်းကာ စစ်ကြောင်း ထိုးလာသည့် အတွက် တိုက်ပွဲများပြင်းထန်နေပြီး လေကြောင်းမှပါ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေ ကြောင်း သိရသည်။
ယနေ့ ဩဂုတ် ၂၄ရက်နေ့တွင် ရွှေကူမြို့အနီး၌ တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်ဘက်မှ နေ့လယ် ၁ နာရီဝန်းကျင်ထိY12 နှစ်စင်း၊ တိုက်ခိုက်ရေးလေယာဉ် ဂျက်ဖိုက်တာ တစ်စင်းတို့ဖြင့် လေကြောင်းတိုက် ခိုက်မှုများ လုပ်ဆောင်ထားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
”အင်အားဖြည့်ပြီး စစ်ကြောင်းတွေတက်လာတာမှန်ပေမယ့် အဆုံးအဖြတ်ပွဲမျိုးမဟုတ်ဘူး။ KIA စိုးမိုး နေရာတွေကိုလည်း မကျော်နိုင်သေးပါဘူး” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ငါးအိုးဘက်မှ ထွက်လာသည့် စစ်တပ်၏ စစ်ကြောင်း သုံးကြောင်းနှင့် ရွှေကူရှိ တော်လှန်၊ ကိုင်းရွာ၊ လေးလမ်းဆုံမှ စစ်ကြောင်းတစ်ကြောင်း၊ စုစုပေါင်း စစ်ကြောင်း လေးကြောင်း အင်အား ၄၀၀ ကျော်သည် ယမန်နေ့ ဩဂုတ် ၂၃ရက်က စစ်ကြောင်းထိုးလာသည့်အတွက် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ နံနက်ပိုင်းအချိန်မှစ၍ စစ်တပ်က ရွှေကူမြို့နယ်အတွင်းကို ဂျက်ဖိုက်တာ ငါးစင်း ဖြင့် လေယာဉ်အုပ်လိုက်သုံးကာ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
ဗန်းမော်ကိုဦးတည်သည့် စစ်ရေယာဉ်များ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်များကို ကျော်လာပြီးနောက် ရွှေကူမြို့နယ်ရှိ တပ်ဖျောက်ထားသည့် စစ်တပ်၏ အင်အား ၇၀၀ ပါစစ်ကြောင်းမှာလည်း ပြန်လည် လှုပ်ရှားနေပြီဖြစ်ကြောင်း သိရသည်။
ပုံစာ-KIA တပ်ဖွဲ့ဝင်များ။