ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၄ ရက်
နေပြည်တော်နှင့် စစ်ရေးပြင်းထန်နေလျက်ရှိသော တိုင်းသုံးတိုင်းတွင် ပြီးခဲ့သည့် တစ်လအတွင်း တိုက်ခိုက်မှု၌ အာဏာသိမ်း ရွေးတုအစိုးရတပ်ဖွဲ့ဝင် ၄၀ ဦးနီးပါး ထိခိုက်သေဆုံး၍ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းမိသိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာနသည် ယခုနှစ် ဇူလိုင်လအတွင်း နေပြည်တော် အပါအဝင် မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် မန္တလေးတိုင်းတို့တွင် စစ်ကြောင်းထိုးလာသော ရွေးတုအစိုးရစစ်တပ်နှင့် ဂိတ်စခန်းများကို တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၂၇ ဦး သေဆုံး၍ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ယနေ့ ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုများအနက် နေပြည်တော်အနီးတစ်ဝိုက် မကွေး-ကံပြား-နေပြည်တော် လမ်းပေါ်ရှိ အင်အား ၃၀ ခန့်ပါ ရွေးတုအစိုးရတပ်၏ ရွှေဗန်းရဲစခန်းနှင့် ဂိတ်ကို တိုက်ခိုက်ရာတွင် ရွေးတုအစိုးရတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၎င်းတို့ထံမှ ဟောင်ဝစ်ဇာအမြောက် တစ်လက်၊ လက်နက်ငယ် ခြောက်လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယင်းအပြင် မကွေးတိုင်း၊ ဆောမြို့နယ်၌ တပ်မ (၉၉) ဦးစီး အင်အား ၃၀၀ ဝန်းကျင်ပါ စစ်ကြောင်းကို တိုက်ခိုက်ရာ ရွေးတုအစိုးရတပ် ပြန်လည်ဆုတ်ခွာသွားပြီး ၎င်းတို့ထံမှ လက်နက်ခဲယမ်းနှင့် ရိက္ခာတင်ကား သုံးစီး၊ စစ်သုံ့ပန်း ကိုးဦးအပြင် လက်နက်ငယ်မျိုးစုံ ကိုးလက်နှင့် ခဲယမ်းမျိုးစုံ ထောင်ချီ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ဆရာအတတ်သင် (၁) လမ်းနှင့် မင်းလှမြို့နယ်၊ အညာတန်းကျေးရွာရှိ ဂိတ်များကို ဇူလိုင်အတွင်း တိုက်ခိုက်ရာ၌လည်း ရွေးတုအစိုးရတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံး၍ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် မန္တလေးတိုင်း၊ တောင်သာမြို့အဝင် မန်ကျည်းရိုးဂိတ်နှင့် ဗိဿနိုးဂိတ်တို့ကို တိုက်ခိုက်ရာ၌ သေနတ် နှစ်လက် သိမ်းဆည်းရရှိခဲ့သလို မလှိုင်မြို့နယ်တွင် ဒုရဲမှူးကြီး ဇော်ဝင်းထိန် ဦးစီး အင်အား ၁၁၀ ပါ စစ်ကြောင်းအား တိုက်ခိုက်ရာ၌ ရွေးတုအစိုးရတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံး၊ ၁၀ ဦး ဖမ်းမိ၍ လက်နက်မျိုးစုံ ၂၀ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် တော်လှန်ရေး အင်အားစုများက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းတို့ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။