ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၄ ရက်

 

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် ဆန္ဒပြမည့် သတင်းများကြောင့် လုံခြုံရေးတင်းကျပ်ထားပြီး ပတ်စပို့စ်လုပ်ငန်းများ ဆောင်ရွက်မှု ယာယီ ရပ်နားထားကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများထံမှ သိရသည်။

 

ယနေ့ သြဂုတ် ၂၄ ရက်တွင် မြန်မာသံရုံးရှေ့ ဆန္ဒပြမည့် သတင်းများကြောင့် မလေးရှားရဲတပ်ဖွဲ့များက လုံခြုံရေးတင်းကျပ်ထားပြီး သံရုံးဝန်ထမ်းအချို့ ရုံးတက်ခြင်းမရှိသဖြင့် ပတ်စပို့စ်လုပ်ငန်းများ ဆောင်ရွက်မှု ယာယီရပ်နားရခြင်းဖြစ်သည်။

 

“ဒီနေ့ သံရုံးရှေ့ဆန္ဒပြမယ်ဆိုလို့ လုံခြုံရေးယူတဲ့ ရဲတပ်ဖွဲ့တွေ အများကြီးပဲ။ သံရုံးက အမျိုးသမီးတွေလည်း ရုံးတက်လာတာ မတွေ့ဘူး။ ပတ်စပို့စ်လည်း လုပ်မရဘူး။ CI လုပ်တဲ့သူတွေကိုတော့ အကန့်အသတ်နဲ့ လုပ်ပေးတယ်”ဟု မလေးရှားတွင်အကျိုးဆောင်လုပ်ပေးသူ မြန်မာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ မြန်မာသံရုံးရှေ့ ဆန္ဒပြရန် မည်သည့်အဖွဲ့အစည်းမှ မည်သည့်ရည်ရွယ်ချက်ဖြင့် ဆန္ဒပြမည်ကို တရားဝင် အတည်မပြုနိုင်သေးကြောင်း သိရသည်။

 

“တချို့က ရိုဟင်ဂျာတွေ ပြောတယ်။ တချို့က NGO ပြောတယ်။ ဘာအတွက်ကြောင့် ဆန္ဒပြမယ့်ဆိုတာ သေချာ မသိရသေးဘူး”ဟု လူမှုကူညီရေးဆောင်ရွက်ပေးသူ ချင်းအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကွာလာလမ်ပူမြို့ရှိ ရွေးတုအစိုးရ၏ သံရုံးက သတင်းထုတ်ပြန်ခြင်းမလုပ်သေးကြာင်း သိရသည်။

 

မလေးရှားရှိ မြန်မာသံရုံးတွင် မလေးရှားရောက် မြန်မာနိုင်သားများနှင့် NGO အဖွဲ့အစည်းများက မြန်မာနိုင်ငံအရေးနှင့် ဒုက္ခသည်များအရေးကို မကြာခဏ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။