ဧရာဝတီတိုင်းမ်
(ကံပေါက်)၊ ဩဂုတ် ၂၄ ရက်

 

တနင်္သာရီတိုင်း၊ ကံပေါက်ဒေသရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများကိုလုပ်ကိုင်‌နေသည့် Delcoကုမ္ပဏီသည် အကြီးစားသတ္တုတူးဖော်ရေးလုပ်ငန်းများလုပ်ရန် လုပ်ငန်းချဲ့ထွင်ခြင်းများပြုလုပ်နေပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများနှင့် ဒေသခံများနစ်နာမှုများ ကြုံတွေ့နေရသည့်အတွက် ၎င်းတို့ကိုရပ်တန့်ရန် ကံပေါက်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များက သတိပေးချက်ထုတ်ပြန်ခဲ့သည်။

 

Delcoကုမ္ပဏီသည် ကံပေါက်တောင်ပေါ်တွင် ရွေးတုအစိုးရစစ်တပ်နှင့်ပူးပေါင်းကာ တရုတ်နိုင်ငံသားရာနှင့်ချီကို ခေါ်ယူကာ အကြီးစားသတ္တုလုပ်ငန်းများလုပ်ကိုင်ရန်အတွက် အဆောက်အအုံများကို ဆောက်လုပ်နေသည်မှာ သုံးလခန့် ရှိပြီဖြစ်ကာ အဆိုပါတရုတ်နိုင်ငံသားများတွင် ကျားဖြန့်လုပ်ငန်းရှင်များလည်း ပါဝင်နေကြောင်း သိရသည်။

 

“အရင်ကတည်းက စစ်တပ်နဲ့ပေါင်းပြီးလုပ်လာတဲ့ကုမ္ပဏီပဲ။ လုပ်ငန်းချဲ့ထွင်တဲ့ အကြီးစားလုပ်ငန်းတစ်ခုကို အဲ့ Delco ကုမ္ပဏီကပဲတွဲပြီးလုပ်တဲ့အချိန်မှာ တရုတ်နိုင်ငံသားတွေ၁၀၀ကျော်လောက်ရောက်နေပြီ။ အဲ့ဒီထဲမှာဒေသခံတွေရဲ့သတင်းပေးချက်အရ အတွင်းဖရဲသီးသတင်းအရ ကျားဖြန့်နဲ့ပါပတ်သတ်နေတယ်လို့ သတင်းရတယ်။အဆောက်အအုံအကြီးကြီးပါ ဆောက်နေတယ်လို့သိရတယ်” ဟု အမှတ်-၈၀၀၂ တပ်ရင်း၊ တပ်ရင်းမှူးရဲဘော်အောင်ပန်းက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကံပေါက်တောင်မှ ရရှိမည့် ကျောက်သတ္တုများကို အမှုန့်ကြိတ်ရန်အတွက် MOGE ထံမှ သဘာဝဓာတ်ငွေ့များဝယ်ယူကာ ဂတ်စ်(Gas)ပိုက်လိုင်းသွယ်တန်းခြင်းနှင့် ဂတ်စ်တာဘိုင်စက်ရုံလည်ပတ်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်း ကံပေါက်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အမှတ် (၈၀၀၂) တပ်ရင်း ထံကသိရသည်။

 

Delcoကုမ္ပဏီသည် ၂၀၀၈ ခုနှစ်မှစတင်ကာ လုပ်ပိုင်ခွင့်ထက်ကျော်လွန်သည့် စည်းကမ်းမဲ့သတ္တုတူး‌ဖော်မှုများကို လုပ်ဆောင်ခဲ့ပြီး အရပ်သားအစိုးရလက်ထက်တွင် ဥပဒေဖြင့်တင်းကြပ်မှုများ၊ အရပ်ဘက်စောင့်ကြည့်ရေးအဖွဲ့များကြောင့် ‌ခေတ္တငြိမ်ခဲ့သော်လည်း စစ်အာဏာသိမ်းချိန်တွင် စည်းကမ်းမဲ့လုပ်ရပ်များကို ပြန်လည်လုပ်ဆောင်လာခြင်းဖြစ်သည်။

 

“ကံပေါက်မှာဆိုတောင်တွေလဲကုန်ပြီ မြစ်ချောင်းအင်းအိုင်တွေလဲတိမ်ကောကုန်ပြီ အားလုံးပျက်စီးကုန်ပြီ။ နောက်ထပ်လာမယ့်ပူးတွဲစီမံကိန်းကလည်းတူတူပဲ delcoက delcoပဲ။ ဘယ်စည်းမျဉ်းစည်းကမ်းကိုမှလိုက်နာမှာမဟုတ်ဘူး ဒေသခံတွေကဒီစီမံကိန်းရဲ့ကောင်းကျိုးကိုဘာမှရတာမဟုတ်ဘူး” ဟုရဲဘော်အောင်ပန်းက ဆက်လက်ပြောသည်။

 

ယခုကဲ့သို့ သဘာဝပတ်ဝန်းကျင်နှင့် ရှေးဟောင်းအမွေအနှစ်များကို ပျက်စီးစေကာ ဒေသခံများအ‌နေဖြင့်လည်း နစ်နာမှုများ ကြုံတွေ့နေရသည့် အဆိုပါလုပ်ငန်းများကို ဆက်လက်မလုပ်ဆောင်ရန် နှင့် မလိုက်နာပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အကျိုးဆက်များမှာ ကုမ္ပဏီ၏တာဝန်သာဖြစ်ကြောင်း အမှတ်-၈၀၀၂ တပ်ရင်းက အသိပေးထုတ်ပြန်ထားသည်။

 

Delco Company သည် ကချင်(NDA-K)တပ်ဖွဲ့ တည်ထောင်သူ နှင့် ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းတစ်ဦး ဖြစ်သည့် ဦးဇခုန်တိမ်ယိမ်း(U Ding Ying) ပိုင်ဆိုင်သည့် က ပန်ဝါကုမ္ပဏီအုပ်စုလက်‌အောက်ရှိ ကုမ္ပဏီတစ်ခုဖြစ်ကြောင်းလည်း သိရသည်။

 

ဓာတ်ပုံ – Delco Company