ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၄ ရက်
ဗန်းမော်မြီု့ကိုဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်တပ်၏ ရေယာဉ် ၁၅ စင်းပါ ရေယာဉ်အုပ်စုကို သပိတ်ကျင်းမြို့နယ်အနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက် ခဲ့ရာ စစ်သင်္ဘော တစ်စင်း မီးလောင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် (KPDF) တော်လှန်ရေးပူးပေါင်းအဖွဲ့များသည် ယမန်နေ့ သြဂုတ် ၂၃ ရက်နေ့က မန္တလေးမှ ဆန်တက်လာသော တိုက်ခိုက်ရေးရေယာဉ် နှစ်စင်း ၊ ကမ်းထိုးရေယာဉ် လေးစင်း နှင့် တွဲတွန်းရေယာဉ် ကိုး စင်း ၊ စုစုပေါင်း ၁၅ စင်း ပါဝင်သည့် ရေယာဉ်အုပ်စုကို FPV ဒရုန်းများ အသုံးပြု၍ ကြားဖြတ်ဟန့်တား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
”ဖြစ်စဉ်ကတော့ မနေ့ကဖြစ်တယ် ပြောပါတယ်။ စစ်ရေယာဉ်တွေကတော့ ဆက်တက်နေတယ် ကြားပါတယ်။ ရွှေကူဘက်မှာလည်း စစ်ရေယာဉ်တက်လာတာတွေနဲ့ အချိန်ကိုက် စစ်ကြောင်းတွေ ထိုးလာတာ ရှိနေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် စစ်တပ်၏ ရေယာဉ် တစ်စင်း မှာ မီးခိုးများ ထွက်လာပြီး မီးလောင်ကျွမ်းခဲ့ကာ ပျက်စီးထိခိုက်မှုများ ပြင်းထန်ခဲ့သည်ဟု သတင်းရင်းမြစ်များ၏ ပြောကြား ချက်အရ သိရသည်။
အဆိုပါ စစ်ရေယာဉ်အုပ်စုသည် သပိတ်ကျင်းမြို့နယ်၊ မှန်သာကျေးရွာအနီး မြစ်ကြောင်းအတွင်းသို့ ရောက်ရှိခဲ့ပြီးနောက် ရွှေကူ-ဗန်းမော် ဘက်သို့ ဆက်လက်ဆန်တက်နေကြောင်း သိရသည်။
စစ်တပ်ဘက်မှလည်း စစ်ရေယာဉ်များ ဆန်တက်စဉ် ကင်းထောက်လေယာဉ် တစ်စင်း နှင့် Y-12 လေယာဉ် တစ်စင်း တို့ကို အသုံးပြု၍ လိုက်လံကင်း ထောက် ပေးနေပြီး လေကြောင်းတိုက်ခိုက် မှုများလည်း လုပ်ဆောင်လျက်ရှိသည်။
ဓာတ်ပုံ- ပုံဟောင်း