ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၄ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် ရွေးတုအစိုးရစစ်တပ်မှ ထောင်ထားသော မိုင်းတစ်လုံးကို နွားတစ်ရှဉ်းက နင်းမိ၍ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အပြင် မိုင်းဖိုးပါ ပေးလျော်ရမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၂ ရက် မွန်းလွဲ ၃ နာရီခန့်တွင် သာပေါင်းမြို့နယ်၊ ပျဉ်းမထုံးအုပ်စု၊ ဝါးနွဲ့စမ်းနှင့် ကိုးလံချောင်းကြားဒေသ၊ စစ်တပ်၏ ခမရ -၃၀၈ မှ အနောက်ဘက် တစ်မိုင်ခန့်အကွာတွင် ထောင် ထားသော မိုင်းကို ဒေသခံများ၏ နွားတစ်ရှဉ်းက နင်းမိပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မိုင်းပေါက်ကွဲမှုကြောင့် နွားနှစ်ကောင်စလုံးတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး တစ်ကောင်မှာ မျက်စိနှင့် လက်များ ပျက်စီးခဲ့ပြီး ကျန်တစ်ကောင်တွင်လည်း ခြေလက်များ ပျက်စီးသွားသဖြင့် သယ်ယူရန် မဖြစ်နိုင်တော့ကြောင်း သိရသည်။

“နွားနှစ်ကောင်မှာ တစ်ကောင်ပဲ အသားအဖြစ် ပြန်ရတယ်။ တစ်ကောင်က သယ်လို့မရအောင်ကို ပျက်စီးသွားတယ်။ မိုင်းဖိုးလည်း နွားပိုင်ရှင်က ပြန်ထပ်လျော်ရဦးမယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ နွားတစ်ရှဉ်း၏ ကာလတန်ဖိုးမှာ ကျပ် သိန်း ၃၀ ခန့် ရှိပြီး၊ မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ကြောင့် နွားတစ်ကောင်၏ အသားကိုသာ ပြန်ရနိုင်ကာ အခြားတစ်ကောင်၏ အသားမှာ သုံးမရအောင် ပျက်စီးသွားသည့်အပြင် မိုင်းတန်ဖိုးကိုပါ ပေးလျော်ရမည်ဟု ကြားသိရကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
ယခင်ကလည်း သာပေါင်းမြို့နယ် မရမ်းကျင်းရွာ သီဟိုဠ်ခြံအနီးရှိ သစ်တုံးတံတားထိပ်တွင် စစ်တပ် ထောင် ထားသည့် မိုင်းကို ခြံရှင်ကိုယ်တိုင် နင်းမိပြီး ခြေတစ်ဖက် ဆုံးရှုံးခဲ့ရသည့်အပြင် မိုင်းတန်ဖိုးအဖြစ် ငွေကျပ် ၅ သိန်း ပေးလျော်ခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့ဖူးကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် သာပေါင်းမြို့နယ်အတွင်းရှိ တောတောင်လမ်းများတွင် မိုင်းများ ထောင်ထား လေ့ရှိသဖြင့် တောထဲသို့ သွားလာကြသော ဒေသခံများအနေဖြင့် သတိထား သွားလာကြရန် လိုအပ် ကြောင်းလည်း ဒေသခံများက သတိပေးထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်