ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၄ ရက်

 

မြန်မာနိုင်ငံအနောက်ဘက်အိန္ဒိယနိုင်ငံတွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းနှင့် အရှေ့ဘက် တုံကင်ပင်လယ်ကွေ့တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း နာရာအရှိန်ကြောင့် နိုင်ငံတစ်ဝန်း မိုးကြီးနေမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ)က ယနေ့ ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်သည်။

 

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားကောင်းမှုအပါအဝင် လေဖိအား နည်းရပ်ဝန်းနှင့် အပူပိုင်းမုန်တိုင်း နာရာအရှိန်ကြောင့် ယနေ့ ဩဂုတ် ၂၄ မှ ၂၈ ရက် အတွင်း တိုင်းနှင့် ပြည်နယ်အနှံ့အပြား မိုးထစ်ချုန်းရွာပြီး မိုးကြီးမည်ဖြစ်သည်။

လက်ရှိရေကြီးရေလျှံနေသော ဧရာဝတီတိုင်း ဆက်လက်မိုးကြီးနေမည်ဖြစ်ပြီး ရန်ကုန်တိုင်း၊ မန္တလေး တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း ၊ ကရင်နီ( ကယားပြည်နယ်)၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး/ဇလ ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

အဆိုပါမိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မြေပြို ခြင်းတို့ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနေထိုင်သူများနှင့်မြစ်ကမ်း ချောင်းကမ်းအနီး နေထိုင်သူ များ သတိပြုရန်လိုအပ်ကြောင်း သိရသည်။

 

မြန်မာ့ကမ်းရိုးတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများ ကျရောက် ကာ လှိုင်းကြီးနိုင်ပြီး ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်၍ လှိုင်း အမြင့်ပေမှာ ၁၁ မှ ၁၃ ပေအထိရှိနိုင်သည်။

 

ထို့ကြောင့် မြန်မာကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန်လိုအပ်ကြောင်း မိုး/ဇလက အသိပေးထား သည်။

 

ဓာတ်ပုံ – မိုး/ ဇလ၊ လူမှုကူညီရေးအဖွဲ့