ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၄ ရက်

မြောက်ကိုရီးယားဟာ ရုရှားသို့ တပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်ဖို့ ပြင်ဆင်မှုတွေ ဆက်လုပ်နေပေမဲ့ ချက်ချင်း စေလွှတ်မယ့် လက္ခဏာတော့ မတွေ့ရသေးဘူးလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန က ပြောပါတယ်။

ရုရှားဘက်မှ တိုက်ပွဲဝင်ဖို့ မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ၅၀,၀၀၀ အထိ ထပ်မံစေလွှတ်ဖို့ စီစဉ် နေတယ်ဆိုတဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးရဲ့ ပြောကြားချက်ကို ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ညီမ ကင် ယိုဂျောင်က ငြင်းဆန်ခဲ့ပြီးနောက်မှာ ယခုလို တောင်ကိုရီးယားရဲ့ သုံးသပ်ချက် ထွက်ပေါ်လာတာပါ။

မြောက်ကိုရီးယားဟာ တာတိုပစ်ဒုံးကျည်တွေ အပါအဝင် လက်နက်အများအပြားကို ရုရှားထံ ဆက်လက်ထောက်ပံ့နေတယ်လို့ တောင်ကိုရီးယားက ဆိုပါတယ်။

မြောက်ကိုရီးယားဟာ ၁၅၂ မီလီမီတာ အမြှောက်ကျည်နဲ့ တွက်ချက်ရင် အရေအတွက် ၁၅ သန်းမ က ရှိတဲ့ အမြှောက်ကျည်တွေကို ရုရှားထံ ပေးပို့ထားတယ်လို့ ခန့်မှန်းရပါတယ်။

စစ်ပွဲအတွင်း အသုံးပြုခဲ့တဲ့ မြောက်ကိုရီးယားဒုံးကျည်တွေဟာ စစ်မြေပြင် အချက်အလက်တွေနဲ့ ရုရှားရဲ့ နည်းပညာအကူအညီတွေကြောင့် ပစ်မှတ်ထိမှန်မှု ပိုမိုတိကျလာတာကို တွေ့ရတယ်လို့ တောင် ကိုရီးယား စစ်ဘက်သတင်းရရှိရေး အေဂျင်စီက သုံးသပ်ထားပါတယ်။

တောင်ကိုရီးယားနဲ့ ပဋိပက္ခဖြစ်ရင် အသုံးပြုဖို့ ရည်ရွယ်ထားတဲ့ ဒုံးကျည်အချို့နဲ့ ဒုံးပစ်လောင်ချာ တွေ ထုတ်လုပ်မှုဟာလည်း ပြီးစီးလုနီးပါး ဖြစ်နေပြီလို့ သိရပါတယ်။

အမေရိကန်ပိုင် ဂူအမ်ကျွန်းအထိ ပစ်ခတ်နိုင်တဲ့ မြောက်ကိုရီးယားရဲ့ ဟွာဆောင်း-၁၂ တာလတ် ပစ်ဒုံးကျည်ကိုလည်း တပ်ဖြန့်ဖို့ ပြင်ဆင်နေပါတယ်။

မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေဟာ အမေရိကန်ပိုင်နက်အတွင်းထိ ရောက်နိုင်စွမ်း ရှိပေမဲ့ ထိပ်ဖူးလေထုထဲ ပြန်လည်ဝင်ရောက်ရေး နည်းပညာလို အဓိက နည်းပညာတွေကိုတော့ အတည်မ ပြုနိုင်သေးပါဘူး။

၂၀၂၂ ခုနှစ် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား စစ် ရေးပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနက်ရှိုင်းလာခဲ့ပြီး ရုရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံစလုံးက လက်နက် လွှဲပြောင်းမှုတွေကို ငြင်းဆိုထားပါတယ်။

ကိုးကား – The Asahi Shimbun
Ref; North Korea preparing more troops for Russia: Seoul