‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၂၄ ရက်

‎ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်ဘက်မှ အထိနာကာ အလောင်းနှင့် ဒဏ်ရာရသူများကို ပုသိမ်သို့ ပြန်လည်ခေါ်ယူနေရကြောင်း သိရသည်။

‎ယခု ဩဂုတ် တတိယပတ်အတွင်း သာပေါင်းမြို့နယ်၊ သဲဖြူ- မကျည်းဇင်လမ်း၊ သဲဖြူအနောက်ဘက် ကင်ပွန်းချဉ်နှင့် သာပေါင်းလေးတို့တွင် တိုက်ပွဲများ ပြင်းထန်နေကာ စစ်တပ်ဘက်မှ ဒဏ်ရာပြင်းထန်ရ သူများနှင့် အလောင်းများကို ပြန်လည်ခေါ်ထုတ်ယူပြီး ပုသိမ်ဘက်သို့ပို့ဆောင်နေကြောင်း သတင်းရင်း မြစ်များထံမှ သိရသည်။

‎”ပုသိမ်ကြိုးတံတားကနေ တောင်ပေါ်တပ်ကိုခေါ်သွင်းတယ်။ တောင်ပေါ်တပ်ဆိုတာက နတခ ကိုပြောတာ။ အဲဒီ့ကမှ ရင်ခွဲရုံ၊ သုဿာန်နဲ့ ဆေးရုံကို ခွဲပို့တယ်။ တံတားကနေ အလောင်းတင်တဲ့ ကားတွေဖြတ်တာ မြင်နေကြရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပုသိမ်မြို့ ကမ်းနီကြိုးတံတားမှတစ်ဆင့် တိုက်ပွဲမှ ပြန်လာသည့် ကားများ ဖြတ်သန်းကာ ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) အတွင်းသို့ ဝင်ရောက်သွားပြီး ဒဏ်ရာရသူများကို ပုသိမ် (မဆရ -၄) သို့ ပို့ဆောင်ကာ သေဆုံးသူ အလောင်းများကို ရွှေမြင်တင် သင်္ဂြိုဟ်စက်သို့ ပို့ဆောင် နေကြောင်း သိရသည်။

လက်ရှိတွင် သာပေါင်းနှင့် ရေကြည်မြို့နယ်တို့၌ ရွေးတုအစိုးရစစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများ ပြင်းထန်နေပြီး ရွေးတုအစိုးရစစ်တပ်က သာပေါင်းမြို့နယ် စက်ဒေါင့်ကြီးမှတစ်ဆင့် လက်နက်၊ ခဲယမ်း၊ ရိက္ခာနှင့် စစ်အင်အားများကို ဖြန့်ခွဲ ပို့ဆောင်လျက်ရှိသည်။

ထို့အပြင် တိုက်ပွဲအတွင်း ဒဏ်ရာရရှိသည့် တပ်ဖွဲ့ဝင်များကို လှေများ၊ လှည်းများဖြင့် ကမ်းစပ်သို့ ရှေ့တန်းမှ ရေကြောင်းအတိုင်း သယ်ဆောင်လာပြီးနောက် ပုသိမ်မြို့သို့ မော်တော်ယာဉ်များဖြင့် တဆင့် ပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်