ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ ဩဂုတ် ၂၃ ရက်)
မီးဖွားပြီးခါစ မေမေကို မွေးကင်းစ ကလေးငယ်မှာ သွေးစစ်ဆေးချက်အရ “G6PD Deficiency” လို့ခေါ်တဲ့ အင်ဇိုင်းချို့တဲ့ခြင်း ဖြစ်နေတယ်လို့ ဆရာဝန်က ပြောပြလိုက်တဲ့အခါ မေမေတို့အဖို့ ရင်ထဲမှာ အတော်လေး စိတ်ပူသွားကြရမှာပါ။
G6PD Deficiency ဖြစ်ပြီဆိုရင် မွေးကင်းစ ကလေးဘဝကတည်းက ပရုတ်လုံး အပါအဝင် သတိထား ဆင်ခြင်ရမယ့်အရာတွေ ရှိသလို ဘဝတစ်လျှောက်လုံး ဆင်ခြင်သွားရမှာတွေလည်း ရှိပါတယ်။ စာဖတ်သူ မေမေတို့ အားလုံး ရှင်းရှင်းလင်းလင်း သဘောပေါက်သွားအောင် ဖြစ်လေ့ရှိတဲ့ ဥပမာ လေးတစ်ခုနဲ့ စပြီး ပြောပြပေးချင်ပါတယ်။
အမှားသေးသေးလေးကနေ အသက်အန္တရာယ်အထိ ဖြစ်သွားနိုင်တာမျိုးပါ။
ပရုတ်လုံး အနံ့သင်းနေတဲ့ အနှီးနဲ့ မွေးဖွားပြီးခါစ G6PD ချို့တဲ့တဲ့ ကလေးကို ထုပ်ပိုးလိုက်မိတာဟာ အမှားသေးသေးလေး မဟုတ်ပါဘူး။ အလွန် စိုးရိမ်ရတဲ့ အသက်အန္တရာယ်အထိ ဖြစ်သွားနိုင်ပါတယ်။
ပရုတ်လုံးမှာ ပါဝင်တဲ့ Naphthalene ဆိုတဲ့ ဓာတုပစ္စည်းဟာ အဝတ်အစားတွေကနေတစ်ဆင့် အငွေ့ပျံပြီး ကလေးရဲ့ အသက်ရှူလမ်းကြောင်းကနေဖြစ်စေ၊ နုနယ်တဲ့ အရေပြားကနေဖြစ်စေ ခန္ဓာကိုယ်ထဲကို မြန်မြန်ဆန်ဆန် စိမ့်ဝင်သွားတာပါ။ ဒီလိုဆိုရင်တော့ သွေးနီဥတွေကို ပြင်းထန်စွာ ပျက်စီးစေတဲ့ Massive Hemolysis ဆိုတဲ့ သွေးနီဥတွေ ရုတ်တရက် ကျိုးပဲ့ပျက်စီးတာမျိုး ဖြစ်လာရတော့တာပါပဲ။
ပရုတ်လုံးအနံ့နဲ့ ထိတွေ့မိပြီးနောက် နာရီပိုင်းကနေစလို့ ၁ ရက်၊ ၂ ရက်အတွင်း အခုလို ရောဂါလက္ခဏာ တွေကို ကြုံတွေ့ရနိုင်ပါတယ်။
ပြင်းထန်စွာ အသားဝါ၊ မျက်လုံးဝါလာတာ
– ပုံမှန် မွေးစကလေး အသားဝါတာထက် ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ပြင်းပြင်းထန်ထန် ဝါလာပါလိမ့်မယ်။
ကိုလာအရောင် ဆီးသွားတာ
– သွေးနီဥတွေ ပျက်စီးရာက ထွက်လာတဲ့ ဟေမိုဂလိုဘင်တွေ ဆီးထဲပါသွားတာကြောင့် ဆီးအရောင်ဟာ ကိုလာ သို့မဟုတ် အမည်းရောင် ပြောင်းသွားတတ်ပါတယ်။
မောပန်းကျုံ့လှီပြီး အားနည်းလာတာ
-ကလေး နို့မစို့နိုင်တော့တာ၊ ညည်းတွဲတွဲဖြစ်နေတာ၊ ခြေလက်တွေ ပျော့ခွေနေတာတွေကို ကြုံရ ပါလိမ့်မယ်။
အသက်ရှူမြန်တာနဲ့ နှလုံးခုန်မြန်တာ
– သွေးအား နည်းသွားတဲ့အတွက် အောက်ဆီဂျင် မလုံလောက်ဘဲ အသက်ရှူ မြန်လာတာ ဖြစ်ပါတယ်။
ကြုံတွေ့ရနိုင်တဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာများ
ဦးနှောက်အတွင်း အဝါရောင်ခြယ်ဓာတ် စိမ့်ဝင်ပျက်စီးခြင်း (Kernicterus)
သွေးနီဥတွေ ပျက်စီးရာက ထွက်လာတဲ့ Bilirubin ခေါ်တဲ့ အဝါရောင်ခြယ်ဓာတ်ဟာ မွေးစကလေးရဲ့ ဦးနှောက်ဆဲလ်တွေကို ပျက်စီးသွားစေပါတယ်။ ဒါကြောင့် ကလေး တက်တာ၊ ဇက်မခိုင်တော့ဘဲ ခေါင်းနောက်ကို လန်သွားတာ၊ အကြားအာရုံ ပျက်စီးတာနဲ့ ရာသက်ပန် ဦးနှောက်မသန်စွမ်း ဖြစ်သွားတာတွေ ကြုံရနိုင်ပါတယ်။
ကျောက်ကပ်ပျက်စီးခြင်း (Acute Kidney Injury)
သွေးနီဥ အပျက်အစီးများက မွေးစကလေး၏ ဆီစစ်ထုတ်ရာ ကျောက်ကပ်ကို ပိတ်ဆို့ပျက်စီး စေပါတယ်။အသက် အန္တရာယ်အထိ ဖြစ်နိုင်ပါတယ်။
အထက်ပါအခြေအနေတွေ ကြုံလာရင် ကလေးမှာ အိမ်မှာတင် အခြေအနေ စောင့်ကြည့်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ အသက်ကယ်ရမယ့် အရေးပေါ် အခြေအနေဖြစ်တာကြောင့် အခုလို ချက်ချင်း ဆောင်ရွက်ပေးရပါမယ်။
အရေးပေါ်အသက်ကယ်ဖို ပရုတ်လုံး အနံ့ရတဲ့ အနှီးကို ချက်ချင်း ဖယ်ရှားပြီး အနံ့မရှိသော သန့်ရှင်းသည့် အနှီး အဝတ်ဖြင့် လဲလှယ်ရပါမယ်။ ကလေးကို ရေနွေးနွေးဖြင့် ရေချိုးပေးရပါမယ်။ အရေပြားပေါ်မှာ ထိတွေ့မိထားတဲ့ Naphthalene ပရုတ်လုံး ဓာတုအကြွင်းအကျန်များကို ဆေးကြောသန့်စင် ပေးရ ပါမယ်။
ကလေးဆေးရုံ ဒါမှမဟုတ် အရေးပေါ်ဌာနသို့ ချက်ချင်းသွားပြီး ကလေးငယ်အခြေအနေအလိုက် လိုအပ်တဲ့ အရေးပေါ်ကုသမှုကို ချက်ချင်းပေးရပါမယ်။
ဆေးရုံမှာ ပေးမယ့် အသက်ကယ် ကုထုံးများ
အလင်းရောင် ကုထုံး (Intensive Phototherapy) – ဘိလီရူးဘင် အဝါရောင်ခြယ်ဓာတ်တွေကို ချေဖျက်ဖို့ အပြာရောင် အလင်းရောင်အောက်မှာ ကလေးကို ထားရှိကုသပေးတာ ဖြစ်ပါတယ်။ မီးပြ ကုသတယ်ဆိုပြီး လူသိများကြပါတယ်။
ကလေး၏ သွေးတစ်ခုလုံး လဲလှယ်ပေးခြင်း (Exchange Transfusion )
ဦးနှောက်အဝါရောင် စွန်ထင်းပျက်စီးတဲ့ရောဂါ(Kernicterus) မဖြစ်စေဖို့အတွက် ပျက်စီးနေတဲ့ သွေးတွေကို စုပ်ထုတ်ပြီး သွေးသစ် ပြန်လည်ထည့်သွင်းပေးတဲ့ အသက်ကယ်ကုထုံး ဖြစ်ပါတယ်။ သွေးအား လွန်စွာနည်းနေရင်လည်း သွေးထုတ်တွေ သွင်းပေးရတတ်ပါတယ်။
ကျောက်ကပ် ပျက်စီးမှုကို ကာကွယ်ဖို့နဲ့ သွေးနီဥ အပျက်အစီးတွေကို ဆီးကနေတစ်ဆင့် မြန်မြန် စွန့်ထုတ်နိုင်အောင် ဆေးရည်သွင်း ကုသပေးတာ ဖြစ်ပါတယ်။
ဆေးရည်သွင်းကုသခြင်း (IV Fluids )
ကျောက်ကပ် ပျက်စီးမှုကို ကာကွယ်ရန်နှင့် သွေးနီဥ အပျက်အစီးများကို ဆီးမှတစ်ဆင့် မြန်မြန် စွန့်ထုတ်နိုင်ရန် ဆေးရည်သွင်း ကုသဖို့လည်း လိုအပ်ပါတယ်။
G6PD Deficiency ရှိတဲ့ ကလေးတွေအတွက် အလွန် အန္တရာယ်ရှိတဲ့ ပရုတ်လုံးတွေကို ကလေးဝတ် အဝတ်အစား၊ အနှီးနဲ့ အိပ်ရာခင်းတွေမှာ လုံးဝ (လုံးဝ) ထည့်သွင်း သုံးစွဲတာမျိုး မပြုလုပ်ကြဖို့ အထူး သတိပေးလိုပါတယ်။
ဒီ ဥပမာလေးကို နားလည်ပြီဆိုရင် G6PD Deficiency အကြောင်းကို အသေးစိတ် ဆက်ပြောပြ ပေးပါမယ်။
G6PD Deficiency ဆိုတာဘာလဲ
G6PD Deficiency ဆိုတာ ကမ္ဘာတစ်ဝန်း လူဦးရေ သန်း ၄၀၀ မက ကြုံတွေ့နေရတဲ့ မျိုးရိုးလိုက်တတ်တဲ့ မွေးရာပါ ဗီဇအခြေအနေတစ်ခု ဖြစ်ပါတယ်။ ကြောက်စရာ ရောဂါဆိုးကြီး မဟုတ်ပေမဲ့ ကိုယ့်မှာ G6PD ချို့တဲ့မှု ရှိနေရင်တော့ တစ်ဘဝလုံး ဆင်ခြင်နေထိုင်သွားဖို့ အလွန် အရေးကြီးပါတယ်။ သူဟာ မျိုးရိုးလိုက်တတ်ပြီး အမျိုး သားတွေမှာ အမျိုးသမီးတွေထက် ပိုပြီး ဖြစ်ပွားလေ့ ရှိပါတယ်။
G6PD အင်ဇိုင်းရဲ့ တာဝန်
သွေးနီဥတွေဟာ သွေးထဲမှာ ဓာတ်တိုးတာတွေကြောင့် အချိန်မတိုင်မီ အလွယ်တကူ အိုမင်းပျက်စီး တတ်ပါတယ်။ သွေးနီဥတိုင်း သက်တမ်းစေ့ အလုပ်လုပ်နိုင်အောင် G6PD အင်ဇိုင်းက ဓာတ်တိုးပျက်စီး တာမျိုး မဖြစ်အောင် ကာကွယ်ပေးထားတာ ဖြစ်ပါတယ်။
G6PD ချို့တဲ့နေရင်တော့ သွေးနီဥတွေ သက်တမ်းစေ့နေဖို့ မစွမ်းသာတော့ဘဲ မတည့်တဲ့ ဆေးဝါးတွေ၊ အစားအသောက်တွေနဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတဲ့အခါ သွေးနီဥတွေ စိစိညက်ညက် ကျိုးပဲ့ပျက်စီး သွားပြီး ရုတ်တရက် သွေးအားနည်းတာကို ကြုံတွေ့ရတတ်ပါတယ်။
ပုံမှန်အချိန်မှာ လက္ခဏာ လုံးဝမပြဘဲ ကျန်းမာစွာ ရှိနေတတ်ပေမယ့် ဓာတ်မတည့်သည့် အရာများနှင့် ထိတွေ့မိပါက
-မောပန်းနွမ်းနယ်ခြင်းနှင့် အားနည်းခြင်း
-အသားဝါခြင်း မျက်လုံးဝါခြင်း(Jaundice)
-ဆီးအရောင် ကိုလာအရောင်သို့ ပြောင်းသွားခြင်း
-ရင်တုန်ခြင်း၊ အသက်ရှူမြန်ခြင်း
-ဗိုက်နာခြင်း ခါးနာခြင်း စတဲ့ လက္ခဏာတွေ ချက်ချင်းပေါ်လာနိုင်ပါတယ်။
G6PD ရှိသူများ အထူးရှောင်ကြဉ်ရမယ့် (၃) မျိုး
၁။ မစားရမယ့် အစားအသောက်များ
ပဲကြီး၊ တောင်ကြီးပဲ၊ ပဲပုစွန်သီး (Fava Beans / Broad Beans) တာတွေဟာ သွေးနီဥတွေကို ရုတ်တရက် ပျက်စီးစေနိုင်ပါတယ်။ ပဲ စားရုံတင်မကဘဲ ပဲစိုက်ခင်းက ဝတ်မှုန် ရှူမိတာကိုပါ ရှောင်ကြဉ် ရပါမယ်။
၂။ မသောက်ရမည့် ဆေးဝါးများ
Primaquine Chloroquine စတဲ့ ငှက်ဖျားဆေးများ၊ Sulfonamides (Cotrimoxazole), Nitrofurantoin, Nalidixic acid, Ciprofloxacin စတဲ့ ပဋိဇီဝဆေးများ၊ Methylene blue, Rasburicase, High-dose Aspirin စတဲ့ ဆေးဝါး တွေကိုလုံးဝ(လုံးဝ)ရှောင်ကြဉ်ရပါမယ်။ High-Dose Vitamin C (ဗိုက်တာမင်စီ) ပမာဏ များများ ဆေးသွင်းခြင်း သောက်သုံးခြင်းကို ရှောင်ရပါမယ်။
၃။ မထိတွေ့ရမည့် ဓာတုပစ္စည်း
ပရုတ်လုံး အနံ့ကို ရှူမိပါက သွေးနီဥ ပျက်စီးစေပါတယ်။ ဒန်းဆိုးဆေး အသားအရေမှာ ဆိုးတာ၊ ဆံပင်ဆိုးတာတွေကို ရှောင်ကြဉ်ရပါမယ်။
ကျန်းမာစွာ နေထိုင်နိုင်ဖို့ ဆောင်ရန်များ
ဆေးခန်း၊ ဆေးရုံ သွားတဲ့အခါ ဒါမှမဟုတ် သွားဆရာဝန်နဲ့ ပြသတဲ့အခါတိုင်း မိမိမှာ G6PD Deficiency ရှိကြောင်း ကြိုတင် အသိပေးပါ။
မိမိမှာ မတည့်တဲ့ ဆေးဝါးစာရင်းနဲ့ G6PD ချို့တဲ့ကြောင်း ဖော်ပြထားတဲ့ သတိပေးကတ်ပြားကို ပိုက်ဆံအိတ်ထဲမှာ အမြဲ ဆောင်ထားပါ။ ကူးစက်ရောဂါတွေကို ဂရုစိုက်ပါ။ ရောဂါပိုးမွှား ဘတ်တီး ရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေက သွေးနီဥကွဲတာကို စတင်စေနိုင်သလို ပိုးသတ်ဆေး ကုသမှုတွေကလည်း သွေးနီဥ ကွဲစေနိုင်ပါတယ်။
G6PD Deficiency ဆိုတာ စနစ်တကျ သတိပြု နေထိုင်ရင် ပုံမှန်အတိုင်း အသက်ထက်ဆုံး ကျန်းမာစွာ နေထိုင်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ကိုယ့်မှာ G6PD Deficiency ရှိမရှိဆိုတာကို အချိန်မရွေး သွေးဖောက်စစ်ဆေးနိုင်သလို ကလေးငယ်တွေ မွေးဖွားချိန်မှာလည်း သွေးဖောက်စစ်ဆေးပြီး စနစ် တကျ ရှာဖွေနိုင်ပါတယ်။
နောက်တစ်ပတ်မှာတော့ “အသည်းအဆီဖုံးခြင်း” ကျန်းမာရေးပြဿနာအကြောင်း တင်ဆက်ပေး သွားမှာ ဖြစ်တာကြောင့် စောင့်မျှော်အားပေးကြပါဦးခင်ဗျာ။ အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ။