ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၃ရက်
ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်များ၊ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းလုပ်သားများအား ၃၅ နှစ် ကျော်ကြာ ကျန်းမာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ စောင့်ရှောက်မှု ပေးအပ်နေသည့် မယ်တော် ဆေးခန်းသည် ဂျပန်နိုင်ငံ၏ (၁၃) ကြိမ်မြောက် အိုကီနာဝါ ငြိမ်းချမ်းရေးဆု (The 13th Okinawa Peace Prize) ချီးမြှင့်ရန် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။
ယခုဆုသည် အိုကီနာဝါ ငြိမ်းချမ်းရေးဆု တည်ထောင်ခဲ့သည့် သမိုင်းတစ်လျှောက်တွင် ဂျပန်နိုင်ငံပြင်ပမှ ပြည်ပအဖွဲ့အစည်း တစ်ခုအား ပထမဆုံးအကြိမ် ရွေးချယ်ချီးမြှင့်ခြင်းလည်း ဖြစ်သည်။
ဆုရွေးချယ်ရေး ကော်မတီက မယ်တော်ဆေးခန်း၏ ဆောင်ရွက်ချက်များသည် လူမျိုး၊ ဘာသာနှင့် နိုင်ငံသားအဆင့်အတန်း မခွဲခြားဘဲ အကူအညီ လိုအပ်နေသူများ၏ အသက်၊ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုဘဝကို အကာအကွယ်ပေးသည့် “လူသားများလုံခြုံရေး” ကို လက်တွေ့ အကောင်အထည် ဖော်နေခြင်းဖြစ်ကြောင်း ချီးကျူးထားသည်။

ထို့အပြင် အိုကီနာဝါခရိုင် အုပ်ချုပ်ရေးမှူး တာမာကိ ဒဲနီး (Tamaki Denny) ကလည်း ကမ္ဘာတစ်ဝန်း ပဋိပက္ခများ ဖြစ်ပွားနေချိန်တွင် မယ်တော်ဆေးခန်း၏ လုပ်ဆောင်ချက်များသည် နိုင်ငံတကာ ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် ကြီးမားသည့် အထောက်အကူပြုမှုဖြစ်ကြောင်း ပြောကြားခဲ့ သည်။
မယ်တော်ဆေးခန်းကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအပြီး စစ်တပ်၏ ဖိနှိပ်မှုများကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ကရင်တိုင်းရင်းသူ ဒေါက်တာစင်သီယာမောင်နှင့် ကျောင်းသား ခုနစ် ဦးတို့က ၁၉၈၉ ခုနှစ်တွင် ဆေးဝါးပစ္စည်း အနည်းငယ်ဖြင့် စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မယ်တော်ဆေးခန်းသည် အထွေထွေရောဂါ၊ အတွင်းရောဂါ၊ ခွဲစိတ်၊ ကလေး၊ မီးယပ် သားဖွား၊ သွား၊ မျက်စိ၊ စိတ်ကျန်းမာရေးနှင့် အရေးပေါ် ဆေးကုသမှုများအပြင် ကလေးသူငယ် ကာကွယ်ရေး၊ ပညာရေး ထောက်ပံ့မှု၊ ကျန်းမာရေး ဝန်ထမ်း လေ့ကျင့်မွေးထုတ်ပေးခြင်းနှင့် မွေးစာရင်း ရရှိရေး လုပ်ငန်းများကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိသည်။
အိုကီနာဝါခရိုင် အစိုးရ၏ ထုတ်ပြန်ချက်အရ မယ်တော်ဆေးခန်းသည် ၃၅ နှစ်ကျော် ကာလအတွင်း ဆေးကုသမှု အကြိမ်ရေ ၂.၅ သန်းကျော်၊ ငှက်ဖျားရောဂါ ကုသမှု ၇၀,၀၀၀ ကျော်နှင့် ကလေး မွေးဖွားပေးမှု ၅၀,၀၀၀ ကျော် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ် တစ်နှစ်တည်း၌ပင် လူနာပေါင်း ၅၀,၆၉၉ ဦးအတွက် ဆေးကုသမှု ၁၂၆,၈၄၇ ကြိမ် ပြုလုပ်ပေးခဲ့ပြီး ဆေးရုံတက် ကုသသူ ၈,၇၃၅ ဦး ရှိခဲ့သည်။
ဒေါက်တာစင်သီယာမောင်နှင့် မယ်တော်ဆေးခန်း သည် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းလုပ်သားများအပေါ် လူသားချင်းစာနာထောက်ထားမှု အပြည့်ဖြင့် ကူညီစောင့်ရှောက် ပေးခဲ့သည့် အတွက် နိုင်ငံတကာနှင့် ပြည်တွင်းမှ ဂုဏ်ထူးဆောင်ဆုပေါင်း ၂၀ ကျော်ကို ဆွတ်ခူး ရရှိထားပြီး ဖြစ်သည်။
အဆိုပါ အိုကီနာဝါ ငြိမ်းချမ်းရေးဆုသည် ဒုတိယကမ္ဘာစစ်အတွင်း အပြင်းထန်ဆုံး စစ်မြေပြင်တစ်ခု ဖြစ်ခဲ့ပြီး ပြည်သူ ၂ သိန်းကျော် အသက်ဆုံးရှုံးခဲ့ရသည့် ဂျပန်နိုင်ငံ၊ အိုကီနာဝါခရိုင်က ကမ္ဘာ့ငြိမ်းချမ်း ရေးကို ဖော်ဆောင်ရန် ရည်ရွယ်၍ ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ အာရှ-ပစိဖိတ်ဒေသအတွင်း ၂ နှစ်လျှင် တစ်ကြိမ်၊ ဆုတစ်ဆုတည်းသာ ရွေးချယ် ချီးမြှင့်ခြင်း ဖြစ်သည်။
ဆုချီးမြှင့်ပွဲ အခမ်းအနားကို လာမည့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စု၊ နာဟာမြို့ ၌ ကျင်းပမည်ဖြစ်ပြီး ဆုကြေးငွေအဖြစ် ဂျပန်ယန်း ၁၀ သန်း ချီးမြှင့်ပေးအပ် သွားမည်ဖြစ်သည်။
ဓာတ်ပုံ-လူမှုကွန်ရက်