ဆောင်းပါးရှင် – ဆလိုင်းသန့်စင်
ဧရာ၀တီတိုင်းမ်/သြဂုတ် ၂၃ ရက်

ဒီရက်ပိုင်း သတင်းတွေ နားထောင်ရင်း ဘီဘီစီ (မြန်မာပိုင်း) က ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်ကို တွေ့မိပါတယ်။ ထူးဆန်းတယ်လို့ ပြောရမလား၊ ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ မထူးဆန်းတော့ဘူးလို့ပဲ ပြောရမလား မသိပါဘူး။

သတင်းကတော့ အာဏာသိမ်းစစ်တပ်အသွင်ပြောင်း ရွေးကောက်ပွဲအတုနဲ့တက်လာတဲ့ မင်းအောင်လှိုင် အစိုးရလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းတွေမှာ ကျောင်းသားကျောင်းသူ တွေရဲ့ အာဟာရပြည့်ဝရေး ငှက်ပျောပင်တွေ စိုက်ပျိုးဖို့ ညွှန်ကြားထားတယ်ဆိုတဲ့ သတင်းပါ။

သတင်းဖော်ပြချက်တွေအရ ကျောင်းတစ်ကျောင်းကို ငှက်ပျောပင် ၂၀ ပင် စိုက်ပျိုးရမယ်၊ အနည်းဆုံး ၁၀ ပင် ရှင်သန်ရမယ်၊ ၁၀ ပင်မရှင်ရင် ပြန်လည်စိုက်ပျိုးရမယ်လို့ ညွှန်ကြားထားတယ်လို့ သိရပါတယ် ။ဒါပေမယ့် အဲဒီစိုက်ပျိုးရေးအတွက် ဝန်ကြီးဌာနဘက်က ဘတ်ဂျက်ချပေးထားတာ မရှိသေးပါဘူး။

နေပြည်တော်က ဘတ်ဂျက်မပေးသော်လည်း အမိန့်ညွှန်ကြားချက်အရ အခြေခံပညာကျောင်း တချို့က ငှက်ပျောပင်တွေ စတင်စိုက်ပျိုးနေကြပြီလို့ ဆိုပါတယ်။

ဒီအခြေအနေမှာ ပညာရေးဝန်ကြီး ဒေါက်တာချောချောစိန်ကို မေးချင်တဲ့ မေးခွန်းတစ်ခုရှိပါတယ်။ “ဒီလိုအမိန့်ညွှန်ကြားချက်မျိုး ထုတ်ဖို့ တကယ်ပဲ သင့်တော်တယ်လို့ ထင်ပါသလား”

ကလေးတွေရဲ့ အာဟာရပြည့်ဝရေးအတွက် ငှက်ပျောပင်စိုက်ခိုင်းတယ်ဆိုတာ ဘယ်လို အဓိပ္ပာယ်မျိုးနဲ့ ညွှန်ကြားတာပါလဲ။ ကလေးတွေက ငှက်ပျောသီးစားမှ အာဟာရပြည့်ဝမှာပါလား။

အခြေခံပညာကျောင်းတစ်ကျောင်းဟာ နေရာဒေသအပေါ်မူတည်ပြီး ကျောင်းသားကျောင်းသူ အနည်းဆုံး ၁၀၀ ကနေ အများဆုံးဆို ၃၀၀၀ ကျော်အထိ ရှိတတ်ပါတယ်။ အဲ့ဒီကျောင်းတွေမှာ ငှက်ပျောပင် ၂၀ စိုက်ပြီး ရှင်သန်ခဲ့ရင်တောင် ရလာတဲ့ငှက်ပျောသီးကို ရာနဲ့ချီတဲ့ ကလေးတွေက ဘယ်လိုခွဲဝေစားသုံးကြမလဲ။ တစ်ယောက်တစ်လုံးလား။ တစ်ဝက်စီလား။ ဒါမှမဟုတ် တစ်ကိုက်စီလား။

အဲ့ဒီလိုစားတာနဲ့ ကလေးတွေ အာဟာရပြည့်ဝမှာတဲ့လား။ “ကျောင်းတိုင်းကို ငှက်ပျောပင်စိုက်ခိုင်းတဲ့ စီမံကိန်း”က ကျိုးကြောင်းဆီလျော်ပါသလား။ ဒီမေးခွန်းတွေကို ဝန်ကြီးဒေါက်တာ ချောချောစိန် အရင်ဆုံးဖြေကြည့်စေချင်ပါတယ်။

အနာဂတ်မျိုးဆက်သစ် ကျောင်းနေအရွယ် ကလေးသူငယ်တွေအာဟာရပြည့်ဝဖို့ အစိုးရက ငွေကြေး အလုံအလောက်သုံးစွဲပြီး တာဝန်ယူဆောင်ရွက်ရမယ့်အစား ကျောင်းတွေမှာ ငှက်ပျောပင်စိုက်ခိုင်းတဲ့ ညွှန်ကြားချက်ထုတ်ပြီး ဖြေရှင်းတဲ့လုပ်ရပ်က နိုင်ငံတကာနဲ့ယှဉ်ရင် အင်မတန် ရှက်ဖွယ်ရာ၊ တာဝန်မဲ့ တဲ့လုပ်ရပ် ဖြစ်ပါတယ်။

ကလေးတစ်ယောက် ကိုယ်ကာယနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးဖို့အတွက် ပရိုတင်း (အသားဓာတ်)၊ ကာဗိုဟိုက် ဒရိတ် (ကစီဓာတ်)၊ အဆီ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တဲ့ အာဟာရမျှတတဲ့ အစားအစာတွေ လိုအပ်ပါတယ်။ အဲဒီအစားအစာတွေ ရရှိနိုင်ဖို့ကလည်း မိသားစုဝင်ငွေ၊ စားသောက်ကုန်ဈေးနှုန်း၊ လူမှုစီးပွားရေး အခြေအနေနဲ့ အစိုးရရဲ့ လူမှုဖူလုံရေးမူဝါဒတွေက အဓိကကျပါတယ်။

ဒါကြောင့် ကလေးတွေအာဟာရပြည့်ဝရေးကို ဖြေရှင်းချင်တယ်ဆိုရင် ကျောင်းဝင်းထဲမှာ ငှက်ပျောပင် စိုက်ခိုင်းတာထက် ပိုမိုအဓိပ္ပါယ်ရှိပြီး လက်တွေ့ကျတဲ့မူဝါဒ၊ ငွေကြေးနဲ့ လက်တွေ့အကောင်အထည် ဖော်မှုလုပ်ငန်းစဉ်တွေ လိုအပ်ပါတယ်။

တကယ်လို့ “ကျောင်းသားတွေရဲ့ အာဟာရပြည့်ဝရေး” ကို အစိုးရက အလေးအနက်ထားတယ်ဆိုရင် နိုင်ငံတကာမှာ အသုံးများတဲ့ နည်းလမ်းတွေက ကျောင်းအာဟာရအစီအစဉ်တွေ၊ ကျောင်းနေ့လည်စာ အစီအစဉ်တွေ၊ အာဟာရဖြည့်စွက်အစားအစာတွေ၊ အခမဲ့ သို့မဟုတ် သက်သာတဲ့ထောက်ပံ့ဈေးနှုန်းနဲ့ အစားအစာပေးဝေတဲ့ အစီအစဉ်တွေ ရှိပါတယ်။

မင်းအောင်လှိုင်အစိုးရ နဲ့ ပညာရေးဝန်ကြီးဌာနက အနာဂတ်မှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ တာဝန်တွေထမ်းဆောင်ကြမယ့် ကျောင်းသူကျောင်းသား ကလေးငယ်တွေကို တကယ်စေတနာရှိရင် အဲ့ဒီနည်းလမ်းတွေ အသုံးပြုလို့ ရပါတယ်။

အဲ့လိုမဟုတ်ဘဲ ကျောင်းတွေမှာ ငှက်ပျောပင် ၂၀ မကလို့ အပင် ၂၀၀ စိုက်ခိုင်းလည်း ကလေးတွေ အာဟာရ ပြည့်ဝမှာ မဟုတ်ပါဘူး။ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေဟာ ကျောင်းလာ တက်တာ ပညာသင်ဖို့၊ စာသင်ဖို့လာကြတာပါ။ ပညာရေးနဲ့ဘာမှမဆိုင်တဲ့ ငှက်ပျောပင်စိုက်ဖို့လာတာ မဟုတ်ဘူးဆိုတာလည်း ဒေါက်တာချောချောစိန် သိစေချင်ပါတယ်။

တကယ်တော့ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက် ကျောင်းသားကျောင်းသူတွေ အာဟာရပြည့်ဝရေး ဟာ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေနဲ့လည်း တိုက်ရိုက်ဆက်စပ်နေပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကောင်းမွန်လာရင် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုကောင်းလာမယ်။ မိသားစုဝင်ငွေ တိုးလာမယ်။ မိဘတွေကလည်း သားသမီးတွေအတွက် အာဟာရမျှတတဲ့ အစားအစာ တွေ ကျွေးမွေးနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင် စနစ်အောက်မှာ စီးပွားရေးနဲ့ လူမှုဘဝတွေ တဖြည်းဖြည်း ယိုယွင်းလာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုတော်လှန်ရေးကြောင့် ဗိုလ်နေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလအစိုးရ) ပြုတ်ကျခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေတို့ ဦးဆောင်တဲ့ အာဏာသိမ်းနဝတ၊ နအဖ စစ်အစိုးရတွေက နှစ်ပေါင်း ၂၀ ကျော် အုပ်ချုပ်ခဲ့ရာမှာလည်း တိုင်းပြည်ရဲ့စီးပွားရေးနဲ့ လူမှုဘဝတွေဟာ ပိုမိုဆိုးရွားနိမ့်ကျခဲ့ပါတယ်။

အခု မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တိုင်းပြည်ရဲ့ စီးပွားရေးအကျပ်အတည်းဟာ အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိနေပါတယ်။

ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် သန်းနဲ့ချီတဲ့ အခြေခံမိသားစုတွေဟာ အာဟာရပြည့်ဝစွာ စားသောက်နိုင်ရေးကို အသာထားလို့ နေ့စဉ် ထမင်းနပ်မှန်ရေးကို မနည်းကြိုးစားရုန်းကန် ဖြေရှင်းနေရတဲ့အခြေအနေကို ရောက်နေကြပါတယ်။

ဒီလိုအခြေအနေမှာ ပညာရေးဝန်ကြီးဌာနအနေနဲ့ ကလေးတွေအာဟာရပြည့်ဝရေးကို တကယ်ပဲ ဖြေရှင်း ချင်တယ်ဆိုရင် ငှက်ပျောပင်စိုက်ခိုင်းတဲ့ အမိန့်ညွှန်ကြားချက်ထက် ပိုမိုထိရောက်တဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။

အဲ့ဒီလိုလုပ်ပေးနိုင်ဖို့အတွက် ဝန်ကြီးဒေါက်တာချောချောစိန်အနေနဲ့ မင်းအောင်လှိုင်အစိုးရထံမှာ ပညာရေးဘတ်ဂျက်အသုံးစရိတ် အလုံအလောက်တိုးမြှင့်ပေးဖို့ တောင်းဆိုဖို့လိုပါတယ်။

ဝန်ကြီးအနေနဲ့ အနာဂတ် မျိုးဆက်သစ်ကျောင်းသားကျောင်းသူတွေအပေါ် အမှန်တကယ် စေတနာရှိရင် ဒါတွေ လုပ်ပေးနိုင်မလား စိန်ခေါ်ပါရစေ။

အဆုံးသတ်အနေနဲ့ “ပညာရေးဝန်ကြီး ဒေါက်တာချောချောစိန် အဓိပ္ပါယ်မဲ့တဲ့ အမိန့်ညွှန်ကြားချက်တွေ ထုတ်နေမယ့်အစား ကလေးတွေရဲ့ အနာဂတ်ကို အမှန်တကယ် အကျိုးပြုမယ့် အလုပ်တွေကိုပဲ လုပ်ပါ” လို့ ပြောချင်ပါတယ်။

(ဆလိုင်းသန့်စင်သည် လုပ်သက်ရင့်သတင်းစာဆရာတစ်ဦးဖြစ်ပြီး ဧရာ၀တီတိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်လည်း ဖြစ်ပါသည်။)