ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၃ ရက်
အဆုတ်အတွင်း ပိုးဝင်သည့် ဝေဒနာကြောင့် ကွယ်လွန်သွားခဲ့သည့် မြန်မာ့ စတူဒီယိုဂီတလောက၏ ဂန္ထဝင် တေးရေးနှင့် တေးသံရှင် ကိုင်ဇာ (ခ) ဦးညီညီဝင်း၏ ရုပ်ကလာပ်ကို မနက်ဖြန် ဩဂုတ် ၂၄ ရက် (တနင်္လာနေ့) တွင် ရေဝေးသုဿန်၌ ဂူသွင်း သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
ကွယ်လွန်ချိန်တွင် အသက် (၆၆) နှစ်ရှိပြီဖြစ်သည့် အဆိုတော် ကိုင်ဇာသည် ရန်ကုန်မြို့ရှိ ဝိတိုရိယ ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ဆေးကုသမှု ခံယူရင်း ဩဂုတ် ၂၂ ရက် ည ၈ နာရီခန့်က ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

ကွယ်လွန်သူ၏ ရုပ်ကလာပ်အား ယနေ့ ဩဂုတ် ၂၃ ရက်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကိုနှင့် အသင်းသားများက ဝိတိုရိယဆေးရုံမှ ရေဝေးသုဿန် အအေးခန်းသို့ သွားရောက် ကူညီ ပို့ဆောင်ပေးခဲ့ကြသည်။
အဆိုတော် ကိုင်ဇာ၏ စျာပန အခမ်းအနားကို မနက်ဖြန် ဩဂုတ် ၂၄ ရက် ညနေ ၃ နာရီတွင် ရေဝေးသုဿန် ခန်းမ (၁) ၌ ပြင်ဆင်ထားမည်ဖြစ်ပြီး ညနေ ၄ နာရီတွင် ဂူသွင်း သင်္ဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။ စျာပနသို့ လိုက်ပါပို့ဆောင်လိုသူများအတွက် မနက်ဖြန် ညနေ ၂ နာရီ ၃၀ မိနစ်တွင် မရမ်းကုန်းမြို့နယ်၊ ၉ မိုင် Ocean အနီးရှိ သီရိကွန်ဒို (အခန်း C-314) မှ ပို့ဆောင်ရေးယာဉ်များ ထွက်ခွာမည်ဖြစ်သည်။
ရခိုင်လူမျိုး တေးသံရှင် ကိုင်ဇာကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ထားဝယ်မြို့၌ မွေးဖွားခဲ့ပြီး မွေးချင်း သုံး ဦးအနက် ဒုတိယမြောက်သား ဖြစ်ကာ ဖခင်ဖြစ်သူမှာ နိုင်ငံတကာရေးရာစာစောင် အယ်ဒီတာချုပ် ဦးစိန်ဝင်း ဖြစ်သည်။

ကိုင်ဇာသည် ၁၉၇၇ ခုနှစ်တွင် “အကျည်းတန်၏ အထီးကျန်အတ္ထုပ္ပတ္တိ” ဟူသော တေးစီးရီးဖြင့် ဂီတလောကသို့ စတင် ဝင်ရောက်ခဲ့ပြီး ကိုယ်ပိုင်တေးဂီတအဖွဲ့ Success (ဇိန) နှင့်အတူ တေးသီချင်းများ ဖန်တီးသီဆိုခဲ့သူ ဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်များတွင် မြန်မာ့စတီရီယိုဂီတလောက၌ ထင်ရှားသည့် ထိပ်တန်း တေးရေး၊ တေးဆိုတစ်ဦးဖြစ်လာခဲ့ကာ တေးအယ်လ်ဘမ် ၂၀ ကျော်နှင့် သီချင်းပုဒ်ရေ ၂၀၀ ကျော် သီဆိုထုတ်ဝေခဲ့သည်။
ကိုင်ဇာ၏ “မနိုးပါစေနဲ့ မိုးရယ်”၊ “တူနှစ်ကိုယ် တိုင်းပြည်”၊ “တစ်သက်လုံးပဲ သတိရနေမယ်”၊ “နှုတ်ဆက်ပါတယ် ကမ္ဘာကြီး”၊ “အရမ်းလွမ်းနေပြီ”၊ “အလွမ်း”၊ “အနမ်းပန်း” စသည့် သီချင်းများသည် ပရိသတ်များ ရင်ထဲတွင် စွဲကျန်နေပြီး မေဆွိ၊ မေခလာ တို့နှင့် စုံတွဲသီချင်းများ သီဆိုကာ အောင်မြင် ခဲ့သည်။
ဓာတ်ပုံ – နာရေးကူညီမှုအသင်း (ရန်ကုန်) ၊ လူမှုကွန်ရက်
ပုံစာ – အဆိုတော် ကိုင်ဇာ၏ ရုပ်ကလာပ်အား ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်နေစဉ်။