ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၃ ရက်
သူ ရာထူးမှာ ရှိနေသရွေ့ ဂါဇာနဲ့ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသတွေမှာ ပါလက်စတိုင်းနိုင်ငံ ထူထောင်တာကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ကတိပြု လိုက်ပါတယ်။
ပါလက်စတိုင်းဟာ နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိနေပြီး ကမ္ဘာ့နိုင်ငံအများစုက အသိအမှတ်ပြုထား ပြီးဖြစ်လို့ အစ္စရေးနဲ့ အမေရိကန်တို့အနေနဲ့ ပါလက်စတိုင်းကို အသိအမှတ်ပြုဖို့ United Arab List ပါတီ ခေါင်းဆောင် မန်ဆူးအက်ဘတ်စ်က တောင်းဆိုပြီးနောက် နေတန်ယာဟုက ခုလို တုံ့ပြန်လိုက်တာပါ။
“ကျွန်တော် ဝန်ကြီးချုပ်အဖြစ် ရှိနေသရွေ့ အီရန်က ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်းနိုင်ငံဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး” လို့ ၎င်းက ပြောပါတယ်။
အာရပ်မြို့တစ်မြို့ဖြစ်တဲ့ တေယီဘီမြို့မှာ စနေနေ့က ကျင်းပခဲ့တဲ့ ပါတီညီလာခံမှာ အက်ဘတ်စ် က ပြောကြားခဲ့တာဖြစ်ပြီး သူ့ပါတီဟာ အစ္စရေးနဲ့ ပါလက်စတိုင်းကြား ငြိမ်းချမ်းရေးကို လိုလားတယ်လို့ ဆိုပါတယ်။
“ပါလက်စတိုင်းနိုင်ငံဆိုတာ တည်ရှိနေပြီးသားဖြစ်ပြီး ကမ္ဘာက အသိအမှတ်ပြုထားပါတယ်။ ဝါရှင်တန်နဲ့ တဲအဗစ်တို့အနေနဲ့ အသိအမှတ်ပြုဖို့ တောင်းဆိုပါတယ်” လို့ ၎င်းက ပြောခဲ့တာပါ။
အောက်တိုဘာ ၂၇ ရက်မှာ ကျင်းပဖို့ ရှိနေတဲ့ လွှတ်တော်ရွေးကောက်ပွဲ မတိုင်မီ နေတန်ယာဟုရဲ့ ခုလို ပြောကြားချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။လူထုစစ်တမ်းတွေအရ နေတန်ယာဟုရဲ့ လီကွဒ်ပါတီနဲ့ မဟာမိတ်တွေဟာ အစိုးရဖွဲ့နိုင်ဖို့ လိုအပ် တဲ့ အာဏာရ အမတ်နေရာ ၆၁ နေရာ ရရှိဖို့ မသေချာပါဘူး။
အမတ်နေရာ ၃၂ နေရာ ရရှိထားတဲ့ လီကွဒ်ပါတီဟာ စစ်တမ်းတွေအရ လူထုထောက်ခံမှု သိသိ သာသာ လျော့ကျသွားခဲ့ပြီး သောကြာနေ့က ကောက်ယူခဲ့တဲ့ လူထုစစ်တမ်းမှာ အမတ်နေရာ ၂၀ သာ ရရှိ နိုင်တယ်လို့ ဖော်ပြပါတယ်။
သြဂုတ် ၁၉ ရက်က ထုတ်ပြန်ခဲ့တဲ့ Channel 13 ရဲ့ လူထုစစ်တမ်းမှာ နေတန်ယာဟုရဲ့ လီကွဒ်ပါ တီနဲ့ လက်ယာစွန်း၊ အစွန်းရောက် မဟာမိတ်တွေပေါင်းရင်တောင် အမတ်နေရာ ၅၁ နေရာပဲ ရရှိမှာဖြစ်လို့ လွှတ်တော် အများစုနေရာ ရဖို့ ၁၀ နေရာ မလိုတော့တာကို တွေ့ရပါတယ်။
ကိုးကား – TRT World
Ref: Netanyahu vows no Palestinian state as long as he remains Israeli PM