‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၂၃ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်အတွင်းရှိ ရွေးတုအစိုးရစစ်တပ်၏ နတ်ရေကန်ဗျူဟာသို့ အင်အားနှင့် ခဲယမ်း ဖြည့်တင်းရန် တက်လာသည့် စစ် ကြောင်းများနှင့် ခြေကုပ်စခန်းများကို အာရက္ခ တပ်တော် (AA) က တိုက်ခိုက်ခဲ့သဖြင့် ရွေးတုအစိုးရစစ်တပ်ဘက်မှ အင်အား ရာချီ ပြုန်းတီး နေကြောင်းဒေသ တွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

 

ပဇီနှင့် ဂုတ်ကြီးကျေးရွာရှိ ရွေးတုအစိုးရစစ်တပ်၏ ခြေကုပ်စခန်းများကို ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်တွင် AA က ဒရုန်းနှင့် လက်နက်ကြီး ပစ်ကူများ အသုံး ပြုကာ ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် ရွေးတု အစိုးရစစ်တပ်ဘက်မှ ၅၀ ခန့် သေဆုံးပြီး စခန်းများကို လက်လွှတ်ကာ ထွက်ပြေးခဲ့ကြရသည်။

“ရွေးတုအစိုးရစစ်တပ် ခြေကုပ်စခန်း ၃ ခုလောက်ကနေ လက်လွှတ် ထွက်ပြေးကြရတာပါ။ ဒဏ်ရာရ လူနာတွေကိုပါ ဆွဲချပြီး ထွက်ပြေးကြရတယ်လို့ သိရပါတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီ တိုင်းမ်ကို ပြောသည်။

 

အဆိုပါ တိုက်ပွဲတွင် အပြင်းအထန် ဒဏ်ရာရရှိခဲ့သည့် ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင်များကို ဆုံကုန်း အမြောက်တပ်မှတစ်ဆင့် မကွေးဆေးရုံသို့ ပို့ဆောင်ကုသနေရကြောင်း သိရသည်။

 

ထို့အပြင် ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်ကလည်း ဂုတ်ကြီးဘက်မှ နတ်ရေကန်သို့ တက်လာသည့် အင်အား ၁၈၀ ပါ ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းမှာ AA ၏ ကြားဖြတ် တိုက်ခိုက်မှုကို ခံခဲ့ရပြီး အင်အား ၆၀ ခန့် သေဆုံးခဲ့သည်။

 

လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်သည် ငဖဲမြို့နယ်အတွင်း၌ စကခ-၁၀ နှင့် စကခ-၁၇ အပါအဝင် တပ်မ ၂ ခုဖြင့် စစ်ဆိုင်ထားပြီး၊ ချိတ်ဆက်လျက်ရှိသည့် မင်းတုန်းမြို့နယ်အတွင်း၌လည်း စစ်အင်အား ထောင်ချီ အသုံးပြုကာ တပ်ဖြန့်ထားကြောင်း သိရသည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်