ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၃ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် ရေကြီးရေလျှံနေစဉ် ရေစီးထဲ မျောပါသွားသည့် လူငယ် နှစ် ဦးအနက် တစ် ဦးကို အသက်ရှင်လျက် ပြန်လည် ကယ်ဆယ်နိုင်ခဲ့သော်လည်း ကျန် တစ် ဦးမှာ ပျောက်ဆုံး နေဆဲဖြစ်၍ ရှာဖွေရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေကြောင်း ဒေသခံများနှင့် ကူညီ ကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။
ရေကြည်မြို့၊ စဉ့်ကူးရပ်ကွက်၌ ယမန်နေ့ ဩဂုတ် ၂၂ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်က ရေကြီးရေလျှံနေစဉ် လူငယ် နှစ်ဦးသည် ရေထဲမှတစ်ဆင့် ၎င်းတို့၏ ဦးလေးဖြစ်သူအိမ်သို့ သွားရောက်စဉ် ရေစီးအတိုင်း မျောပါသွားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ မျောပါစဉ် ၁ ဦးမှာ ဝါးရုံပင်ကို လှမ်းဆွဲထားနိုင်ခဲ့သဖြင့် ဒေသခံများက သွားရောက်ကာ အသက်ရှင်လျက် ပြန်လည် ကယ်ထုတ်နိုင်ခဲ့သည်။
“မနေ့ညက ရေကြည်မြို့ ရေစီးထဲ မျောပါသွားတဲ့ ကလေး နှစ် ဦးအနက် တစ် ဦးကိုတော့ ညချင်း အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ကျန်တဲ့ ကလေးကိုတော့ ပုသိမ်ခရိုင် မီးသတ်ဦးစီးမှူး ဦးဆောင်ပြီး ရေကြည်မြို့နယ် မီးသတ်တပ်ဖွဲ့၊ စမ်းချောင်း၊ ပျဉ်းမနား အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ တောင်ငူ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့နဲ့ မဟာ လူမှုကူညီရေးအဖွဲ့တွေ ပူးပေါင်းပြီး ရေယာဉ်တွေနဲ့ စတင် ရှာဖွေနေပါတယ်” ဟု ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ဆိုထားသည်။

အဆိုပါ ပျောက်ဆုံးနေသည့် လူငယ်အား ရှာဖွေရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေသော်လည်း ယနေ့ ဩဂုတ် ၂၃ ရက်အထိ ပြန်လည် တွေ့ရှိခြင်း မရှိသေးပေ။
လက်ရှိတွင် ငဝန်မြစ် တာကျိုးပေါက်ပြီး မြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြည်မြို့နယ် အပါအဝင် လေးမျက် နှာ၊ ငသိုင်းချောင်း၊ ဟင်္သာတ၊ ကျုံပျော်နှင့် ကျောင်းကုန်း မြို့နယ်တို့တွင် ရေကြီး၊ ရေလျှံ၊ ရေနစ်မြုပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက် ရှိသည်။
ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက် ညပိုင်းကတည်းက ငဝန်မြစ် တာကျိုးပေါက်ခဲ့ခြင်းဖြစ်ပြီး ပြန်လည် ပိတ်ဆို့နိုင်ရန် ကြိုးပမ်းနေသော်လည်း ပြုပြင်ရေးလုပ်ငန်းများ ကြန့်ကြာနေသည့်အတွက် စပါးခင်း များစွာ ရေနစ်မြုပ် ဆုံးရှုံးခဲ့ရသည်။
အဆိုပါ တာကျိုးပေါက်မှုကို ပိတ်ဆို့ရန် Sheet Pile (သံချောင်း) ၂၈၆ ချောင်း ရိုက်သွင်းရမည် ဖြစ်သော်လည်း ဩဂုတ် ၁၉ ရက်အထိ ၇၈ ချောင်းသာ ရိုက်သွင်းနိုင်သေးကြောင်း၊ ရေစီးသန် သည့်အတွက် ရိုက်ထားသည့် Pile များ၏ ကြံ့ခိုင်မှုမှာလည်း အားနည်းနေကြောင်း သိရသည်။
အဆိုပါ တာကျိုးပေါက်မှုကို တစ်ပတ်အတွင်း အပြီးပိတ်သွားမည်ဟု ရွေးတု တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် အဆိုပါ လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက် နိုင်ခြင်း မရှိဘဲ ကြန့်ကြာနေဆဲ ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ -ကူညီကယ်ဆယ်ရေးအဖွဲ့
ပုံစာ – ရေကြည်မြို့နယ်အတွင်း ရေစီးထဲ မျောပါ ပျောက်ဆုံးနေသူအား ကူညီကယ်ဆယ်ရေး အဖွဲ့များက ရှာဖွေရေး ဆောင်ရွက်နေစဉ်