‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၂၃ရက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်း ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့သို့ ဦးတည် ဆန်တက်လာသည့် အာဏာလု စစ်တပ်၏ စစ်သင်္ဘောအုပ်စုမှ လေကြောင်း ပစ်ကူ ဗုံးကြဲ တိုက်ခိုက် ခဲ့ခြင်းကြောင့် ဒေသခံ တစ် ဦး သေဆုံးကာ နှစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ပကဖ သတင်းရင်းမြစ် များထံမှ သိရသည်။

မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ ဩဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် ထွက်ခွာ ဆန်တက်လာသည့် အာဏာလု စစ်တပ် ၏ တိုက်သင်္ဘော အပါအဝင် စစ်ရေယာဉ် ၁၄ စီးပါ အုပ်စုသည် ဝက်လက်မြို့နယ် အရှေ့ခြမ်း ရှိမ်းမကားကျေးရွာအနီး ညအိပ် ရပ်နားခဲ့ပြီး ဩဂုတ် ၂၂ ရက် နံနက်ပိုင်းတွင် စဉ့်ကူးမြို့နယ် အနောက် တောင်ခြမ်း ကြက်တူရွေးကျေးရွာအနီးသို့ ဆက်လက် ဆန်တက်လာခဲ့ခြင်း ဖြစ်သည်။

‎”မနေ့က မနက် ၅နာရီလောက်မှာ ဆန်တက်လာပြီး ပါလာတဲ့ လေယာဉ်တွေက ဗုံးကြဲတာ။ ထိခိုက်တာ သုံး ဦးလို့လည်းပြောတယ်။ အမျိုးသားတစ်ဦးကတော့ သေဆုံးတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ ဆန်တက်စဉ် ဩဂုတ် ၂၂ ရက် နံနက် ၇ နာရီကျော်ခန့်တွင် စစ်တပ်၏ ကင်းထောက်လေယာဉ် တစ် စင်းနှင့် Y-12 လေယာဉ် တစ် စင်း တို့က ဝက်လက်မြို့နယ် အရှေ့ခြမ်းသို့ လေကြောင်းမှ ဗုံး ၂ ကြိမ် ထက်မနည်း ကြဲချ တိုက်ခိုက်ခဲ့သည်။

အဆိုပါ လေကြောင်းမှ ဗုံးကြဲမှုကြောင့် ဧရာဝတီမြစ်ကမ်းဘေးရှိ ကမ်းဖြူကျေးရွာအတွင်း သို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား တစ် ဦး ဦးခေါင်း ထိမှန် သေဆုံးခဲ့ကာ အခြား ဒေသခံ နှစ် ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“မနေ့က မနက်ပိုင်း ဆန်တက်လာပြီး ပါလာတဲ့ လေယာဉ်တွေက ဗုံးကြဲတာပါ။ အမျိုးသားတစ်ဦး ခေါင်းထိပြီး သေဆုံးသွားတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်သင်္ဘောအုပ်စုမှာ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆက်လက် ဆန်တက် နေသည့်အတွက် မြစ်ကြောင်းတစ်လျှောက် မြစ်ကမ်းဘေးနှင့် ကျွန်းပေါ်နေ ပြည်သူများအနေဖြင့် လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ်ကို အထူးသတိပြု နေထိုင်ကြရန် ဝက်လက်မြို့နယ် ပကဖ (NUG) က သတိပေး နှိုးဆော်ထားသည်။

ဓာတ်ပုံ -ဝက်လက်မြို့နယ် ပကဖ
ပုံစာ – ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် အာဏာလု စစ်တပ်၏ စစ်ရေယာဉ်အုပ်စု