ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၃ ရက်
ခုခံတော်လှန် စစ်ပွဲများကြောင့် စစ်ရှုံးနယ်မြေများကို ပြန်လည် ထိန်းချုပ်နိုင်ခြင်း မရှိသေးသော်လည်း လာမည့် ၂၀၂၇ ခုနှစ် နွေဦးပိုင်းတွင် အဆိုပါ ဒေသများတွင် ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်သွားမည်ဟု အာဏာသိမ်း ရွေးတုသမ္မတ မင်းအောင်လှိုင်က ဘီလာရုစ်နိုင်ငံ ခရီးစဉ်အတွင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
၂၀၂၅-၂၀၂၆ အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် အာဏာသိမ်း ရွေးတုသမ္မတအဖြစ် သက်တမ်းတိုး ရယူခဲ့သည့် စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက်က ဘီလာရုစ်နိုင်ငံ သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုနှင့် တွေ့ဆုံစဉ် ထိုသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“၂၀၂၇ နှစ်ဆန်းပိုင်းမှာ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပသွားမှာဖြစ်လို့ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်သွားမှာပါ။ အဆွေတော်တို့နိုင်ငံက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကိုလည်း ဖိတ်ခေါ်ပါတယ်” ဟု ရွေးတုသမ္မတ မင်းအောင်လှိုင်က ဆိုသည်။
အဆိုပါ ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်မည့် မြို့နယ် ဒေသ အသီးသီးနှင့် ရက်အတိအကျကို ထုတ်ဖော် ပြောကြားခြင်း မရှိသေးသော်လည်း ရွေးတုအစိုးရ၏ ယခင် အသိပေးချက်များအရ မြို့နယ် ၁၀၂ မြို့နယ်ရှိ မဲဆန္ဒနယ် ၁၇၂ နေရာတွင် ပြုလုပ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
အဆိုပါ မဲဆန္ဒနယ် ၁၇၂ နေရာတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၈၉ နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၅ နယ်နှင့် တိုင်းနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၈ နယ်တို့ ပါဝင်နေသည်။
နိုင်ငံတကာနှင့်ပြည်သူအများစုက လက်မခံသည့် ၂၀၂၅-၂၀၂၆ အတုအယောင် ရွေးကောက်ပွဲတွင် အာဏာလု စစ်အုပ်စုက ၎င်းတို့ ထိန်း ချုပ်နိုင်သည့် ဒေသများဟု ဆိုကာ အပိုင်း ၃ ပိုင်းခွဲ၍ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တွင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သော်လည်း လက်တွေ့တွင် ရန်ကုန်နှင့် နေပြည်တော်မှလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ်အများအပြားရှိ ရပ်/ကျေး ၃,၀၀၀ နီးပါးတွင် မဲရုံများ ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ပေ။
ထို့အပြင် တော်လှန်ရေး တပ်ဖွဲ့များ၏ ဟန်ချက်ညီ ထိုးစစ်များကြောင့် နယ်မြေ စိုးမိုးနိုင်စွမ်း မရှိတော့ဘဲ စစ်အုပ်ချုပ်ရေး ကြေညာထားရသည့် စစ်ရှုံးမြို့နယ် အများအပြား ကျန်ရှိနေသေးချိန်တွင် အာဏာသိမ်း စစ်အုပ်စုက ၎င်းတို့၏ ရွေးကောက်ပွဲသည် နိုင်ငံတစ်ဝန်း လွှမ်းခြုံမှုရှိကြောင်း လှည့်စားပြသရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။
စစ်ရေးပြင်းထန်နေဆဲ နယ်မြေများတွင် ကြားဖြတ် ရွေးကောက်ပွဲ မဖြစ်မနေ ထပ်မံ ပြုလုပ်ရမည်ဟု ဝန်ခံလာရခြင်းသည် လက်တွေ့တွင် စစ်အုပ်စုအနေဖြင့် နယ်မြေအများအပြားကို လက်လွတ် ဆုံးရှုံး ထားရဆဲ ဖြစ်ကြောင်းကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်ဟု စစ်ရေးနှင့် နိုင်ငံရေး အကဲခတ် များက သုံးသပ်ထားသည်။
ဓာတ်ပုံ – MOI
ပုံစာ – ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုနှင့် အာဏာသိမ်း ရွေးတုသမ္မတ မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်