ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၂၂ ရက်

ရန်ကုန်မြို့၌မိုးများ၍ ငမိုးရိပ်အပါအဝင် မဟူရာတမံနှင့် ပေါင်းလင်းရေလှောင်တမံများတွင် ရေပြည့်မှတ်နီးလာကြောင်း ရွေးတုအစိုးရလက်အောက်ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဦးစီးဌာနက ယနေ့ ထုတ်ပြန်သည်။

အပူပိုင်းမုန်တိုင်းငယ်အရှိန်နှင့် မုတ်သုံလေအားကောင်းမှုကြောင့် ရန်ကုန်တိုင်းအတွင်း မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ရန်ကုန်တိုင်းရှိ ငမိုးရိပ်ရေလှောင်တမံ၏ ရေပြည့်မှတ်ရောက်ရန် တစ် ပေသာလိုခြင်း၊ မဟူရာတမံရေပြည့်မှတ်ရောက်ရန် သုံး ပေလိုခြင်းနှင့် ပေါင်းလင်းရေပြည့်မှတ်ရောက်ရှိရန် ၁၀ ပေလိုအပ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်သည် မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေသဖြင့် ရန်ကုန်တိုင်းတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ငမိုးရိပ်ရေလှောင်တမံ၏ ရေပိုလွှဲမှ အမြင့်ပေ ၆ ဒသမ ၁ အထိ ရေကျော်စီးဆင်းမှုကြောင့် လှည်းကူးမြို့အနီးပတ်ဝန်းကျင်တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည်။

ရန်ကုန်တိုင်းတွင် ငမိုးရိပ်ချောင်း ( ပုစွန်တောင်ချောင်း)၊ ပဲခူးမြစ်၊ ရန်ကုန်မြစ်၊ လှိုင်မြစ်တည်ရှိပြီး ငမိုးရိပ်၊ မဟူရာ၊ ပေါင်းလင်း၊ လဂွမ်းပြင်၊ ကလီထော်၊ နှင့် တောင်လုံးမြောင်၊ တဘူးလှ၊ ဇာမဏီအင်း နှင့် ဘန့်ဘေးဘွေးကုန် ရေလှောင်တမံ ကိုးခုတည်ရှိနေခြင်းဖြစ်သည်။
‎‌

ဓာတ်ပုံ – ဆည်မြောင်း