‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၂၂ရက်

‎ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်ရှိ အရပ်သားပြည်သူများနှင့် စစ်ဘေးရှောင် နေရာများကို ရွေးတုအစိုးရစစ်တပ်က ဩဂုတ် ၂၁ ရက် ညသန်းခေါင်ယံအချိန်တွင် လေယာဉ် ၁၀ စီးအထိ အသုံးပြု၍ ဗုံးအလုံးရေ ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်သည်။

‎​အဆိုပါ လေကြောင်းမှ အလစ်အငိုက် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့စစ်ဘေးရှောင် ပြည်သူ တစ် ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

​သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ခလရ (၅၅)၊ ခမရ (၅၆၆) တပ်ရင်းနေရာဟောင်းများနှင့် အနီးပတ်ဝန်းကျင်ရှိ အရပ်သားစစ်ဘေးရှောင်များ နေထိုင်ရာနေရာများကို ဩဂုတ် ၂၁ ရက် ညသန်းခေါင်ယံ ပြည်သူများ အိပ်မောကျနေချိန်တွင် ရွေးတုအစိုးရစစ်တပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ ​နံနက် ၁ နာရီ ၅၇ မိနစ်မှ ၃နာရီ ၁၈မိနစ်အထိ တစ် နာရီကျော်ကြာမြင့်သည့် တိုက်ခိုက်မှုတွင် စစ်တပ်က ဂျက်တိုက်လေယာဉ် ရှစ် စီး၊ Y-12 တစ် စီး နှင့် Y-8 တစ် စီး၊ စုစုပေါင်း ၁၀ စီးဖြင့် ဗုံးအလုံးရေ ၁၀၀ ခန့် ကြဲချခဲ့သည်။ စစ်ဘေးရှောင် ပြည်သူ တစ်ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
‎​

ထို့အပြင် အဆိုပါနေ့ နံနက် ငါး နာရီခန့်တွင်လည်း ဂွမြို့နယ်၊ ညောင်ချောင်းကျေးရွာသို့ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် နှစ် ကြိမ် လာရောက်ဗုံးကြဲခဲ့သည်။ ညောင်ချောင်းကျေးရွာ အထက်တန်းကျောင်းသို့ ပေါင် ၅၀၀ ဗုံး တစ် လုံး ကြဲချခဲ့သဖြင့် စာသင်ကျောင်းဆောင် လုံးဝပျက်စီးသွားပြီး ခေတ္တခိုလှုံနေသည့် စစ်ဘေးရှောင် ခုနှစ် ဦး ဒဏ်ရာရရှိခဲ့သည်။

ညောင်ချောင်းကျေးရွာရှိ ဓမ္မရက္ခိတ ဘုန်းကြီးကျောင်းသို့ နံနက် ၅နာရီ ၅မိနစ်တွင် နောက်ထပ် ဗုံး တစ်လုံး ကြဲချခဲ့ရာ ပြည်သူ တစ် ဦး ဒဏ်ရာရရှိခဲ့သည်။ ဘုန်းကြီးကျောင်းဆောင်များ၊ လူနေအိမ် သုံး လုံး၊ ပဲဆီကြိတ်စက် တစ်လုံး၊ ဆိုင်ကယ် တစ် စီးနှင့် စက်ဘီး တစ်စီးတို့ ပျက်စီးဆုံးရှုံးခဲ့သည်။

​ရွေးတုအစိုးရစစ်တပ်သည် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်သားပြည်သူများ နေထိုင်ရာ နေရာများကို လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်နေ၍ ပြည်သူများ သေဆုံး၊ ဒဏ်ရာရမှုနှင့် အိုးအိမ် ပျက်စီးမှုများ မြင့်တက်လျက်ရှိကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့် လေကြောင်းနှင့် ရေကြောင်းအန္တရာယ်များကို အထူးသတိပြုကြရန် အာရက္ခတပ်တော်က အသိပေးနှိုးဆော်ထားသည်။