ဧရာဝတီတိုင်းမ်
(မိုးဗြဲ)၊ ဩဂုတ် ၂၂ ရက်
ရှမ်း-ကရင်နီနယ်ရှိ မိုးဗြဲဒေသတွင် ရွေးတုအစိုးရလက်အောက်ခံစစ်တပ်က ၎င်းတို့ထိန်းချုပ်ထားနိုင်သည့်နယ်မြေများရှိ နေရပ်ပြန်စစ်ရှောင်ဒေသခံလူငယ်များကို ပြည့်သူ့စစ်အဖြစ်ပါဝင်ဆောင်ရွက်ခိုင်းနေပြီး စစ်သင်တန်းများတက်ရောက်ခိုင်းနေကြောင်းလည်း သိရသည်။
စစ်တပ်သည် ၎င်းတို့ထိန်းချုပ်ထားသည့် မိုးဗြဲဒေသတွင် ဒေသခံများကိုအတင်းအဓမ္မပြန်ခေါ်ကာ နေရပ်ပြန်ခိုင်းခဲ့ပြီးနောက် ယခုကဲ့သို့စစ်သင်တန်းများတက်ရောက်ခိုင်းနေခြင်းဖြစ်သည်။
ထို့ပြင် နေရပ်ပြန်လာသည့်ဒေသခံလူငယ်အချို့ကိုလည်း စစ်ဆေးရေးဂိတ်များတွင် လက်နက်နှင့်လစာပေး၍ ဂိတ်စောင့်ခိုင်းခြင်းများ ပြုလုပ်နသည်။

“အကြမ်းဖက်စစ်တပ်ကတော့ ဖယ်ခုံနဲ့ မိုးဗြဲဘက်က ပြည်သူတွေကို ပြည်သူ့စစ်အဖြစ်ပါဝင်ဆောင်ရွက်ခိုင်းတယ် လက်နက်ပေးကင်းစောင့်ခိုင်းတာမျိုးရှိတယ်လို့ သိရတယ်ဗျ” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပြန်ကြားရေးတာဝန်ရှိသူတာအယ်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွေးတုအစိုးရလက်အောက်ခံစစ်တပ်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်တွင် မိုးဗြဲမြို့ကိုပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ဒေသခံများကိုနေရပ်ပြန်နေရန် နည်းအမျိုးမျိုးဖြင့်ခြိမ်းခြောက် ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း နေရပ်ပြန်ဒေသခံရာနှင့်ချီကို ဘုန်းကြီးကျောင်းများအတွင်း လနှင့်ချီကာ လူသားဒိုင်းအနေဖြင့်ဖမ်းဆီးထားပြီး ပြန်လွှတ်ပေးထားသည့် လက်ရှိကာလအတွင်းတွင်လည်း လွပ်လပ်စွာသွားလာခွင့်များပိတ်ပင်ထားကြောင်းသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်