ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ ရက်
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးပြည်နယ်ရှိ ကျောင်းတစ်ကျောင်းမှာ ဩဂုတ်လ ၂၀ ရက်က မသင်္ကာ၍ ရှောင် တခင် စစ်ဆေးမှုပြုလုပ်စဉ် အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးရဲ့ လွယ်အိတ်အတွင်းမှ ပစ္စတို သေနတ်တစ်လက်ကို တွေ့ရှိခဲ့ပါတယ်။
ကျောင်းသားတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ဆရာမဖြစ်သူက ကျောင်းလွယ်အိတ်တွေကို လိုက်လံစစ်ဆေးစဉ် မွန်းလွဲ ၃ နာရီ ၅၀ မိနစ်အချိန်မှာ ယခုလို သေနတ်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
သေနတ်တွေ့ရှိပြီးနောက် ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ရဲတပ်ဖွဲ့ထံ ချက်ချင်း အကြောင်းကြားခဲ့ ပြီး အဆိုပါကျောင်းသို့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာကာ သေနတ်ကို သိမ်းဆည်းခဲ့ပါတယ်။
တွေ့ရှိခဲ့သည့် သေနတ်မှာ ကျည်ဆန်မပါဝင်ဘဲ ရဲတပ်ဖွဲ့က သက်သေခံအဖြစ် သိမ်းဆည်းထားပြီး လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နေပါတယ်။
ပဏာမ စုံစမ်းစစ်ဆေးမှုအရ အဆိုပါသေနတ်မှာ ကျောင်းသားရဲ့ အဘိုးဖြစ်သူ ပိုင်ဆိုင်တာဖြစ်ပြီး အိမ်ရှိ ဘီရိုအတွင်း သိမ်းဆည်းထားရာမှ ကျောင်းသားက ဩဂုတ် ၂၀ ရက်မှာ ကျောင်းသို့ ယူဆောင်လာ ခဲ့တာဖြစ်ပါတယ်။
ကျောင်းသားမိဘတွေဟာ အခြားမြို့နယ်မှာ အလုပ်လုပ်နေကြသူတွေဖြစ်ပြီး ကလေးကို အဘိုးအ ဘွားတွေက စောင့်ရှောက်ထားတာဖြစ်ပါတယ်။
အသက်မပြည့်သေးတဲ့ ကလေးသူငယ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတိုင်း အဆိုပါကျောင်း သားကို မြို့နယ် လူမှုဝန်ထမ်းရုံးထံ လွှဲပြောင်းပေးခဲ့ပြီး မိဘ သို့မဟုတ် အုပ်ထိန်းသူ ရောက်ရှိလာရေးကို စောင့်ဆိုင်းနေပါတယ်။
ဩဂုတ်လ ၂၁ ရက်အထိ အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး လူမှုဝန်ထမ်းရုံး၊ မိဘအုပ် ထိန်းသူတွေနဲ့ ပူးပေါင်းကာ ကလေးအတွက် လိုအပ်တဲ့ ကူညီစောင့်ရှောက်မှုတွေကို လုပ်ဆောင်ပေးနေပါ တယ်။
ဇမ်ဘိုအန်ဂါမြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်းမှာ လူနှစ်ဦး သေဆုံးခဲ့တဲ့ ပစ်ခတ်မှုအပြီး စီ ဘူးပြည်နယ်ရှိ ကျောင်းတွေမှာ လုံခြုံရေး တိုးမြှင့်ထားစဉ် အခုလို သေနတ် တွေ့ရှိခဲ့တာပါ။
ကလေးတွေရှိနဲ့ အိမ်ထောင်စုတွေအနေနဲ့ သေနတ်တွေကို ကလေးများ မယူနိုင်တဲ့ လုံခြုံသောနေ ရာတွေမှာ စနစ်တကျ သိမ်းဆည်းကြဖို့ ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။
ကိုးကား – The Straits Times
Ref; Gun found in student’s bag in Philippines after teacher’s surprise check in class