ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ ရက်

 

အမျိုးသားညီညွတ်ရေးအစိုးရ – NUG က လက်အောက်ခံ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအား ဖျက်သိမ်း၍ လွတ်လပ်သော ကော်မရှင်တစ်ရပ်အဖြစ် ပြန်လည်ဖွဲ့စည်းရန် စီစဉ်နေပြီး ရေးဆွဲထားသော ဥပဒေကြမ်းကို စိစစ်၊ သုံးသပ်၊ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

 

လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနသည် ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်းကို ပြုစု၍ NUG ထောက်ခံချက်ဖြင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ – NUCC သို့ တင်ပြရာ အတည်ပြုမှု ရရှိခဲ့ကြောင်း ယမန်နေ့ ဩဂုတ် ၂၁ ရက်၌ ထုတ်ပြန်သည်။

 

ထိုဥပဒေကြမ်းအား လုပ်ထုံးလုပ်နည်းများနှင့်အညီ အတည်ပြုပြဋ္ဌာန်း၍ လွတ်လပ်သော ကော်မရှင်အဖြစ် ပြန်ဖွဲ့စည်းကာ လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားနိုင်ရန်အတွက် စီစဉ်နေခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းကြောင့် နွေဦးတော်လှန်ရေးအတွင်း အစိုးရ၏ တာဝန်ဝတ္တရားများကို ထမ်းရွက်ရာတွင် လူ့အခွင့်အရေးအား လေးစားလိုက်နာမှု အပြည့်အဝ ဖော်ဆောင်နိုင်စေရန် ၂၀၂၁ ခုနှစ်၊ မေ ၃ ရက်၌ ဖွဲ့စည်းထားသော လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

 

ယခုအခါ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ – CRPH အနေဖြင့် စိစစ်၊ သုံးသပ်၊ ဆွေးနွေးနေပြီး အတည်ပြုပြဋ္ဌာန်းပြီးပါက ဥပဒေနှင့်အညီ လွတ်လပ်သော လူ့အခွင့်အရေး ကော်မရှင်တစ်ရပ် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ထို့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း၊ လူ့အခွင့်အရေး အခြေပြုတိုက်တွန်း အရေးဆိုခြင်း စသည်တို့အား ဝန်ကြီးဌာနအနေဖြင့် ကျေပွန်ပြီးစီးသည်ဖြစ်လျက် နောက်တဆင့် ခြေလှမ်းအတွက်ပါ အခြေခံကောင်းများ ပြင်ဆင်ခဲ့ကြောင်း သိရသည်။

 

အလားတူ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များ ပိုမိုအားကောင်းစေမည့် လွတ်လပ်သော လူ့အခွင့်အရေး ယန္တရားများကို တည်ဆောက်နိုင်ရန် အစပြုသည့် ခြေလှမ်းတရပ်အနေဖြင့် ဝန်ကြီးဌာနအား ဖျက်သိမ်းပေးရန် CRPH သို့လည်း တင်ပြခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် CRPH ကလည်း ယင်းဝန်ကြီးဌာနကို ဖျက်သိမ်းဟု ကြေညာထားပြီး သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီး၊ အကြံပေးအဖွဲ့ဝင်၊ ဝန်ထမ်းများနှင့် မိတ်ဖက်အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် စသည်တို့အား NUG က ကျေးဇူးတင်ကြောင်း ထုတ်ပြန်သည်။

 

ဓာတ်ပုံ -လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန