ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ရှားခဲနဲမနိတ်ကျေးရွာတွင် အသက် ၇၂ နှစ်အရွယ် အငြိမ်းစားကျောင်းဆရာမကြီး ဒေါ်လှလှဝင်းသည် နေအိမ်၌ ပစ္စည်းများ လုယက်ခံရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ ဩဂုတ်လ ၂၁ ရက် မွန်းလွဲ နှစ်နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ဒေါ်လှလှဝင်းသည် ဟင်္သာတမြို့နယ်၊ ကြက်တူရွေးရွာဇာတိ ဖြစ်ပြီး လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျောင်းတွင်လည်း နှစ်ပေါင်း ၃၀ နီးပါး တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားဆရာမကြီးတစ်ဦး ဖြစ်ကြောင်း ဒေသခံများကပြောသည်။
“နေ့ခင်းကြောင်တောင် ပစ္စည်းတွေယူပြီး လူပါသတ်တာ။ ထိုးကြိတ်ထားတဲ့ ဒဏ်ရာတွေလည်း တွေ့ရတယ်။ ပစ္စည်းယူရုံတင်ဆို တော်သေးတာပေါ့၊ ခုဟာက ရက်စက်လွန်းပါတယ်။ ခေတ်ပျက်နေတဲ့ကြားထဲ မြန်မာပြည်မှာ အသက်တွေ ဘယ်လိုမှ မလုံခြုံတော့ဘူး” ဟု ဖြစ်စဉ်နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ကျူးလွန်သူများအား စုံစမ်းဖော်ထုတ်နိုင်ခြင်း ရှိ၊ မရှိနှင့် ပါသွားသည့် ပစ္စည်းအသေးစိတ်ကိုမူ ကနဦး မသိရှိရသေးဘဲ ဧရာဝတီတိုင်းမ်က ဆက်လက်စုံစမ်းလျှက်ရှိသည်။
ဓာတ်ပုံ-အသတ်ခံရသည် အငြိမ်းစားကျောင်းဆရာမကြီး ဒေါ်လှလှဝင်း