ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ ရက်

မြန်မာနိုင်ငံသားများအတွက် လိုအပ်သမျှ အားလုံးကို ကူညီထောက်ပံ့ပေးနိုင်ကြောင်း အာဏာရှင်တစ်ဦးဖြစ်သည့် ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက ယမန်နေ့ ဩဂုတ် ၂၁ ရက်နေ့တွင် ပြောကြားလိုက်သည်။

ရွေးတုသမ္မတမင်းအောင်လှိုင်၏ ဘီလာရုစ်နိုင်ငံခရီးစဉ်တွင် မင့်စ်(Minsk)မြို့၌ ပြုလုပ်သည့် တွေ့ဆုံပွဲတွင် လူကာရှန်ကိုက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဘီလာရုစ်မှာ ဒီနေ့ရော နောင်အနာဂတ်မှာပါ မြန်မာပြည်သူတွေကို ကူညီဖို့ လေ့ကျင့်ပေးဖို့ နဲ့ ထောက်ပံ့ပေးဖို့ လိုအပ်မယ့် နည်းပညာတွေ အားလုံးရှိပါတယ်” ဟု လူကာရှန်ကို ကပြောဆိုခဲ့ပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံအကြောင်းကို သေချာလေ့လာထားပြီး လိုအပ်ချက်များကိုလည်း ကောင်းစွာသိရှိထားကြောင်း ပြောဆိုခဲ့သည်။

ထို့ပြင် လူကာရှန်ကိုက မြန်မာနိုင်ငံသည် နိုင်ငံရေး တည်ငြိမ်စေခြင်းဖြင့် အရေးကြီးသည့်တိုးတက်မှုအခြေအနေတခုကိုရောက်ရှိစေခဲ့ပြီး မင်းအောင်လှိုင်နှင့် ၎င်းကိုထောက်ခံသူများကို ပြည်သူများကလည်း အခိုင်အမာထောက်ခံနေကြပြီဟု မဟုတ်မမှန်ပြောဆိုခဲ့သည်။

ရွေးတုသမ္မတမင်းအောင်လှိုင်က လူကာရှန်ကို ကိုကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပြီး ၎င်းတို့ရွေးတုအစိုးရအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး လာမည့် ၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများသို့လည်း ဘီလာရုစ်လေ့လာသူများကို ဖိတ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရွေးတုသမ္မတမင်းအောင်လှိုင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့်တွေ့ဆုံခဲ့သည့် မော်စကို ခရီးစဉ်အပြီးတွင် ဘီလာရုစ်နိုင်ငံသို့ ဆက်လက်သွားရောက်ခဲ့ခြင်းဖြစ်သည်။