ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်
လက်ရှိ ရေကြီးရေလျှံနေသည့် ဒေသများ အပါအဝင် တိုင်းနှင့် ပြည်နယ် ၉ ခုတွင် ယနေ့ (ဩဂုတ် ၂၁ ရက်) မှ ၂၅ ရက်နေ့အထိ ဆက်လက် မိုးကြီးနိုင်သဖြင့် စိုးရိမ်ရေမှတ် ရောက်ရှိနေသည့် မြစ်များအနီး နေထိုင်သူများ ရေဘေးအန္တရာယ်ကို အထူးသတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ထုတ်ပြန်သည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းခြင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော တိမ်တိုက်များနှင့် မိုးတိမ်တောင် ဖြစ်ထွန်းမှု အားကောင်းခြင်းတို့ကြောင့် မြန်မာနိုင်ငံ တစ်ဝန်း၌ နေရာကွက်၍ မိုးကြီးနိုင်ခြင်း ဖြစ်သည်။

ဒေသအလိုက် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများမှာ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ ဖြစ်ကြသည်။
ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနှင့် မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်သူ ပြည်သူများ သတိထားရန် မိုး/ဇလ က အသိပေးထားသည်။
လက်ရှိတွင် သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်နှင့် သောင်းရင်းမြစ်တို့သည် စိုးရိမ်ရေမှတ် ကျော်လွန် ရောက်ရှိနေသဖြင့် ယင်းမြစ်များ တည်ရှိရာ ဘားအံ၊ မဒေါက်၊ ရွှေကျင်နှင့် မြဝတီမြို့များတွင် ရေကြီးရေလျှံမှု အန္တရာယ်ကို အထူးသတိပြုရမည် ဖြစ်သည်။

ငဝန်မြစ်ရေမှာမူ ငါးသိုင်းချောင်းနှင့် သာပေါင်းမြို့တို့တွင် စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်း သွားပြီ ဖြစ်သော်လည်း အဆိုပါ မြစ်ရေလျှံမှုကြောင့် လေးမျက်နှာ၊ အိုင်သပြုနှင့် ငါးသိုင်းချောင်း မြို့တို့တွင် ရေလွှမ်းမိုးဆဲဖြစ်ပြီး ဒေသခံများမှာ လွတ်ရာနေရာများ၌ တိမ်းရှောင်နေထိုင်နေကြရကြောင်း လူမှုကူညီရေး အဖွဲ့အစည်းများထံမှ သိရသည်။
တစ်ပြိုင်နက်တည်းမှာပင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါ တရံ မိုးသက်လေပြင်းကျရောက်ကာ လှိုင်းကြီးနိုင်ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေခန့်အထိ ရှိနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ – မိုး/ဇလ၊လူမှုကွန်ရက်