ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ရက်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း တရားစခန်းပွဲတွင် ဥပုသ်သီလဆောက်တည် တရားနာယူနေကြသော ပြည်သူများအား ရွေးတုအစိုးရစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သေဆုံးသူ ၁၄ ဦးအထိရှိလာပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ ဩဂုတ် ၂၁ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က ဆွဲလဲအိုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ၁၀ ရက်တာ တရားစခန်း ဝင်ရောက်နေစဉ် မန္တလေး၊ တံတားဦးဘက်မှ တက်လာသည့် စစ်လေယာဉ်တစ်စီးက အဆိုပါ ကျောင်းဝင်းအတွင်းသို့ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် တရားစခန်းဝင်ရောက်နေသူများအနက် အသက်ကြီးပိုင်း အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာအပြင်းအထန် ရရှိသူများလည်း များပြားကြောင်း သိရသည်။
“တရားစခန်း ၂ရက်မြောက်နေ့ပါ။ ဗုံးသီးတွေက အမျိုးသား ယောဂီဆောင်ဘက်ကိုလည်းကျသွားတယ်။ ထိခိုက်သူတွေက အသက် ၆၀နဲ့ ၈၀ ကြား သက်ကြီးရွယ်အိုတွေပါ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ရွေးတု အစိုးရစစ်တပ်သည် ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်တို့ကို အဓိက ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာနေခြင်းဖြစ်သည်။
ထိုသို့ လေကြောင်းမှ တိုက်ခိုက်ရာတွင်လည်း အရပ်သားပြည်သူများ စုဝေးရာ ဈေးများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စစ်ဘေးရှောင်စခန်းများကို ဦးတည်ချက်ထား၍ တိုက်ခိုက်နေခြင်း ဖြစ်သည်။
ဓာတ်ပုံ – ကိုနွေဦး(မြောင်)
ပုံစာ – ဆွဲလဲအိုရွာ ဘုန်းကြီးကျောင်းအတွင်း လေကြောင်းမှ ဗုံးကြဲခံရအပြီး ပျက်စီးဆုံးရှုံးမှု မြင်ကွင်း