နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်
မြန်မာနိုင်ငံအတွင်း ခုခံတော်လှန်မှုများကို တုံ့ပြန်ထိန်းချုပ်နိုင်ရေးနှင့် ဒေသတွင်း စစ်ရေးခြေကုပ် ရရှိရေးအတွက် စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံး ရုရှားကိုယ်ပိုင် ဂြိုဟ်တုလမ်းညွှန်စနစ် တိုင်းတာ ရေးစခန်းကို မြန်မာနိုင်ငံ၌ တည်ဆောက်သွားရန် ရွေးတု သမ္မတ မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံ၏ ဖိတ်ကြားချက်အရ စစ်ခေါင်းဆောင်မှ အသွင်ပြောင်းလာသည့် ရွေးတု သမ္မတ၏ ပထမဆုံး ခရီး စဉ်အဖြစ် ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက်က မော်စကိုမြို့ ကရင်မလင်နန်းတော်၌ အာကာသနှင့် ဂြိုဟ်တုနည်းပညာနယ်ပယ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့ခြင်းဖြစ်သည်။
အဆိုပါ နားလည်မှုစာချွန်လွှာတွင် ပါဝင်သည့် ဂြိုဟ်တုလမ်းညွှန်မှုစနစ် တိုင်းတာရေးစခန်း (One Way Station) ဆိုသည်မှာ ရုရှားပိုင် GLONASS ဂြိုဟ်တုလမ်းညွှန်စနစ်မှ အချက်အလက်များကို မြေပြင်မှ စုဆောင်းပေးမည့် စခန်းဖြစ်ကြောင်း ရုရှားသတင်းများအရ သိရသည်။

ရုရှားပိုင် GLONASS (Global Navigation Satellite System) သည် အမေရိကန်၏ GPS စနစ်ကဲ့သို့ ရုရှား၏ ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုလမ်းညွှန်စနစ်ဖြစ်ပြီး တည်နေရာပြစနစ်ဟု ဆိုသော်လည်း လက်တွေ့တွင် စစ်ဘက်နှင့် အရပ်ဘက် နှစ်မျိုးစလုံး၌ အဓိက အသုံးပြုနေခြင်းဖြစ်သည်။
ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲနေသည့် ရုရှားစစ်တပ်သည် ၎င်းတို့၏ ဒုံးကျည်၊ ဒရုန်းနှင့် စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေး ကွန်ရက်များ တိကျစွာ အလုပ်လုပ်နိုင်ရန် GLONASS စနစ်ကို အဓိက ထောက်တိုင်ပြု အသုံးပြုနေပြီး မြန်မာမှတစ်ဆင့် အာဆီယံဒေသကို ထိန်းချုပ်နိုင်ရေးကိုလည်း ရည်ရွယ် နေကြောင်း သိရသည်။
လက်ရှိ တည်ဆောက်မည့် ဂြိုဟ်တုလမ်းညွှန်မှုစနစ် တိုင်းတာရေးစခန်း (One Way Station) သည် ဂြိုဟ်တုထံသို့ လှိုင်းပြန်လွှတ်ရန် မလိုဘဲ GLONASS စနစ်မှ လွှတ်လိုက်သည့် အချက်ပြလှိုင်းများကိုသာ ဖမ်းယူ၍ တည်နေရာနှင့် အချိန်တိကျမှုကို တိုင်းတာသည့် နည်းပညာကို အသုံးပြုမည်ဖြစ်သည်။
စစ်အာဏာသိမ်းမှုကို ထောက်ခံကူညီ၍ တိုက်လေယာဉ် အပါအဝင် စစ်လက်နက်ပစ္စည်းများ ရောင်းချ ပေးနေသည့် ရုရှားနိုင်ငံသည် အဆိုပါ တိုင်းတာရေးစခန်း တည်ဆောက်နိုင်ရန် ယခုနှစ် ဖေဖော်ဝါရီလ အတွင်းကတည်းက နေပြည်တော်သို့ လာရောက်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း (Roscosmos) ညွှန်ကြားရေးမှူးချုပ် ဒီမီထရီ ဘာကာနော့ဗ် ဦးဆောင်သည့် အဖွဲ့သည် နေပြည်တော်၌ လက်ရှိ ရွေးတု သမ္မတ အပါအဝင် တာဝန်ရှိ သူများနှင့် တွေ့ဆုံကာ သဘောတူညီမှု ရယူခဲ့ကြောင်း ရုရှားဘက်က တရားဝင် ထုတ်ပြန်ခဲ့သည်။
သို့သော် အာဏာသိမ်း စစ်အုပ်စုသည် ရွေးတု အစိုးရအဖြစ် အသွင်မပြောင်းမီ အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပညာတော်သင်များ စေလွှတ်ရေးတို့ကိုသာ အကျယ်တဝင့် ဖော်ပြခဲ့ပြီး ရုရှား GLONASS ဂြိုဟ်တုစခန်း ကိစ္စကို ထိန်ချန် ဖုံးကွယ်ခဲ့သည်။
အဆိုပါစခန်း တည်ဆောက်ပြီးစီးပါက ရုရှားအနေဖြင့် အာဆီယံဒေသအတွင်း ၎င်းတို့၏ ဂြိုဟ်တု လမ်းညွှန်စနစ်ကို ပိုမိုတိကျစွာ ထိန်းချုပ်နိုင်မည့် စစ်ရေးခြေကုပ် ရရှိမည်ဖြစ်သလို ရွေးတု အစိုးရအတွက်လည်း တော်လှန်ရေးတပ်ဖွဲ့များကို စစ်ရေးတုံ့ပြန် ထိန်းချုပ်ရာတွင် အထောက်အပံ့ ဖြစ်သွားနိုင်ကြောင်း နိုင်ငံရေး အကဲခတ်များက သုံးသပ်သည်။
အဆိုပါ စခန်းတည်ဆောက်ရေးကို ရွေးတု အစိုးရ၏ မြန်မာအာကာသအေဂျင်စီ (MSA) နှင့် ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း (Roscosmos) တို့က ပူးပေါင်းဖော်ဆောင်မည်ဖြစ်ပြီး ကျန်ရှိ သည့် အသေးစိတ် အခြေအနေများကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ဓာတ်ပုံ – MOI