ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ရက်
မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်တပ်၏ စစ်ရေယာဉ် အုပ်စုသည် မတ္တရာမြို့နယ်၊ သဖန်းဒေါင့်ကျေးရွာ တောင်ဘက်သို့ ရောက်ရှိနေပြီး အထက်ဘက်သို့ ဆက်လက်ဆန်တက်နေကြောင်း ဝက်လက်မြို့နယ် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ – ဝက်လက်) ထံမှ သိရသည်။
မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ ဆန်တက်လာသည့် တိုက်ခိုက်ရေးသင်္ဘော နှစ် စီး၊ ဖလပ် လေး စီးနှင့် တွဲတွန်းသင်္ဘော ရှစ် စီး အပါအဝင် စုစုပေါင်း ရေယာဉ် ၁၄ စီးပါ စစ်ရေယာဉ်အုပ်စုသည် ယနေ့ ဩဂုတ် ၂၁ ရက် မွန်းလွဲ ၁ နာရီ ၃ မိနစ်ခန့်က မတ္တရာမြို့နယ်၊ သဖန်းဒေါင့်ကျေးရွာ တောင်ဘက်သို့ ရောက်ရှိ လာပြီး လက်နက် ငယ်များဖြင့် ပစ်ခတ်ကာ အထက်သို့ ဖြည်းဖြည်းချင်း ဆန်တက် နေခြင်းဖြစ်သည်။

“အခုက နောက်ထပ် သင်္ဘောတွေ ထပ်တက်လာမယ့် အခြေအနေရှိတယ်။ အဲဒီအခါ လေကြောင်း ပစ်ခတ်မှုတွေ ပါလာနိုင်တယ်။ မြစ်ကမ်းဘေးရွာတွေ အထူးသတိထားနေရမယ့် အခြေအနေပါ” ဟု ပကဖ (ဝက်လက်) သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ကြောင့် စစ်ရေယာဉ်များ ဆန်တက်လာချိန်တွင် ဧရာဝတီမြစ်ကမ်းဘေးနှင့် ကျွန်းပေါ်ရှိ ပြည်သူများအနေဖြင့် လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ်များကို အထူးသတိပြုကြရန် ပကဖ (ဝက်လက်) က အသိပေး နှိုးဆော်ထားသည်။
ထို့ပြင် ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက်ကလည်း ဧရာဝတီမြစ် အောက်ဘက်မှ ဆန်တက်လာသည့် စစ်သင်္ဘော လေး စီးသည် မန္တလေးမြို့ရှိ သင်္ဘောကျင်းရုံး ဒေါက်ကျင်းသို့ ဆိုက်ကပ်ခဲ့ပြီးနောက် မန္တလေးရှိ ပေပင်ဆိပ်ကမ်း၊ ၄၁ လမ်းဈေး အနောက်ဘက် သင်္ဘောကျင်းရုံး၊ ဒေါက်ကျင်းဆိပ်ကမ်းနှင့် ဂေါဝိန်ဆိပ်ကမ်းတို့မှတစ်ဆင့် ဗန်းမော်ဘက်သို့ ဆန်တက်ရန် ပြင်ဆင်ခဲ့ကြသည်။

အဆိုပါ စစ်ရေယာဉ်များသည် မြစ်အထက်ပိုင်း ဗန်းမော်ဘက်သို့ ဆန်တက်ရန်အတွက် ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် စစ်အင်အားများကို ပြင်ဆင်ဖြည့်တင်းခဲ့ခြင်း ဖြစ်သည်။
မန္တလေးမှ မြစ်အထက်ပိုင်း ဗန်းမော်ဘက်သို့ စစ်ရေယာဉ်များ ဆန်တက်သည့်အခါတိုင်း မြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခြင်းနှင့် စစ်ကြောင်းထိုးခြင်းများ ပြုလုပ်လေ့ရှိသည်။ ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်ကလည်း တိုက်ခိုက်ရေးသင်္ဘော အပါအဝင် စစ်ရေယာဉ် သုံး စီး မတ္တရာနယ်အတွင်း ရောက်ရှိကာ ကျေးရွာအချို့အနီး ကမ်းကပ်၍ မီးရှို့ဖျက်ဆီး မှုများ ပြုလုပ်ခဲ့သည်။
လက်ရှိတွင် စစ်ရေယာဉ်များ ထပ်မံဆန်တက်လာနိုင်သည့်အတွက် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာပါက အန္တရာယ်ကင်းရာသို့ အချိန်မီ ရွှေ့ပြောင်းနိုင်ကြရန် တော်လှန်ရေးအဖွဲ့အစည်းများက သတိပေး နှိုးဆော်ထားသည်။
ဓာတ်ပုံ -ပကဖ – ဝက်လက်
ပုံစာ – ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်တပ်၏ စစ်ရေယာဉ်အုပ်စုကို တွေ့ရစဉ်