ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တောင်ကိုရီးယားအနေနဲ့ ပေကျင်းနဲ့ ဝါရှင်တန်တို့ကြား ဘယ်ဘက်ကိုမှ မလိုက်ဘဲ သီးခြားရပ်တည်ဖို့နဲ့ ကိုရီးယားကျွန်းဆွယ် တင်းမာမှုတွေကို လျှော့ချဖို့ မြောက် ကိုရီးယားအပေါ် ထားရှိတဲ့ ရန်လိုသောမူဝါဒတွေကို စွန့်လွှတ်ဖို့ အမေရိကန်ကို တိုက်တွန်းသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဆိုးလ်မြို့ကို ရောက်ရှိနေတဲ့ ဝမ်ယိဟာ ဩဂုတ် ၂၀ ရက်က တောင်ကိုရီးယား အမျိုးသားလုံခြုံရေး အကြံပေး ဝီဆန်လက်နဲ့ တွေ့ဆုံစဉ် အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကိုရီးယားကျွန်းဆွယ် ပြဿနာရဲ့ အဓိက အကြောင်းအရင်းတွေကို အမှန်တကယ် ဖြေရှင်းဖို့နဲ့ မြောက်ကိုရီးယားအပေါ် အမေရိကန်ရဲ့ ရန်လိုတဲ့ မူဝါဒတွေ စွန့်လွှတ်ရေး တိုက်တွန်းတာဟာ တင်းမာမှု တွေ လျှော့ချနိုင်မယ့် အခြေခံကျတဲ့ နည်းလမ်းဖြစ်တယ်လို့ ဝမ်ယိက ဆိုပါတယ်။

တောင်ကိုရီးယားအနေနဲ့ အဖွဲ့အစည်းတွေကြား ထိပ်တိုက်တွေ့ဆုံမှုတွေနဲ့ ဘက်လိုက်မှုတွေကို ရှောင်ရှားပြီး တရုတ်နဲ့ အမေရိကန် အပါအဝင် မဟာအင်အားကြီး နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပဋိပက္ခမ ဖြစ်ဘဲ လုပ်ဆောင်သွားဖို့ တရုတ်နိုင်ငံက မျှော်လင့်တယ်လို့ သူက ဆက်ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ၂၀၂၆ ခုနှစ် အတွင်း ထပ်မံတွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့ ဩဂုတ် ၁၉ ရက်မှာ ပြောဆိုထားပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ကင်ဂျုံအန်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့ ဆိုကာ တောင်ကိုရီးယားနဲ့ ပြု လုပ်နေတဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုအချို့ကို လျှော့ချဖို့ ပင်တဂွန်ကို ညွှန်ကြားထားပါတယ်။

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား လက်နက်ဖျက်သိမ်းဖို့ အမေရိကန်က တောင်းဆိုထားပြီး ပြုံယမ်းက ဒီတောင်းဆိုချက်ကို အစဉ်တစိုက် ပယ်ချထားဆဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံက ဩဂုတ် ၂၀ ရက်က မြောက်ကိုရီးယားရဲ့ ဒုံးကျည် ၁၀ စင်း ထက်မက ပစ် လွှတ်မှုကို ပြင်းထန်းစွာ ရှုတ်ချခဲ့ပြီး အမေရိကန်နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေစဉ် စစ်တပ်ကို အပြည့်အဝ အသင့်ပြင်ထားဖို့ ညွှန်ကြားခဲ့ပါတယ်။

ဝမ်ယိနဲ့ တွေ့ဆုံစဉ်အတွင်း တောင်ကိုရီးယားရဲ့ မြောက်ကိုရီးယားဆိုင်ရာ မူဝါဒတွေမှာ တရုတ် နိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းကူညီမှုကို ဝီဆန်လက်က တောင်းဆိုခဲ့ပါတယ်။

တောင်ကိုရီးယားအစိုးရဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ် ရပ်ဆိုင်းရေးကနေစ တင်ပြီး အဆင့်လိုက် အကောင်အထည်ဖော်တဲ့ နည်းလမ်းနဲ့ ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ ကြိုးပမ်းနေ ပါတယ်။

သမ္မတ လီဂျေမြောင်နဲ့ တွေ့ဆုံရာမှာ ဝမ်ယိက နှစ်နိုင်ငံဆက်ဆံရေးဟာ ၂၀၂၆ ခုနှစ်အတွင်း သိ သာစွာ ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်လို့ တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးတဲ့ မူဝါဒကို ဆက်လက် ကျင့်သုံးဖို့ တိုက်တွန်းခဲ့ပါတယ်။

လီဂျေမြောင်က တရုတ်-တောင်ကိုရီးယား ဆက်ဆံရေး ပုံမှန်ပြန်လည်ရောက်ရှိရေးမှာ သိသာတဲ့ ရလဒ်တွေ ရရှိခဲ့တယ်လို့ ပြောကြားခဲ့ပြီး ယခုနှစ်နှောင်းပိုင်း ရှန်ဇန်းမြို့မှာ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် APEC ထိပ်သီးဆွေးနွေးပွဲ အောင်မြင်ရေးအတွက် ပံ့ပိုးပေးမယ်လို့ ကတိပြုပါတယ်။

ကိုးကား – Reuters
Ref; China urges South Korea not to take sides, blames US policy for Korea tensions