ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ဒီနှစ်နှောင်းပိုင်းမှာ တွေ့ဆုံမယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားမှာ စွမ်းအားမြင့် နျူကလီးယားထိပ်ဖူး ၅၇ ခု ရှိနေပြီလို့ ထုတ် ဖော်ပြောဆိုခဲ့ပြီး ကင်ဂျုံအန်းနဲ့ အဆင်ပြေအောင် ပေါင်းသင်းဖို့ လိုအပ်ကြောင်း အိမ်ဖြူတော်မှာ သတင်း ထောက်တွေကို ပြောပါတယ်။

အေပက်ထိပ်သီးအစည်းအဝေးအတွက် လာမယ့် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့သို့ သွားရောက်မယ့် ခရီးစဉ်အတွင်း ကင်ဂျုံအန်းနဲ့ တွေ့ဆုံဖို့ ဒေါ်နယ်ထရမ့်က မျှော်မှန်းထားကြောင်း Wall Street Journal က ဖော်ပြပါတယ်။

အီရန်နဲ့ စစ်ဖြစ်နေချိန် မြောက်ကိုရီးယားနဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေတာကို ဒေါ်နယ်ထရမ့်က ကာ ကွယ်ပြောဆိုခဲ့ပြီး အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်မပေးနိုင်ပေမဲ့ ကင်ဂျုံအန်းနဲ့မူ အဆင်ပြေ ပြေ ဆက်ဆံနိုင်တယ်လို့ ဆိုပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ပထမသက်တမ်းအတွင်း ကင်ဂျုံအန်းနဲ့ သုံးကြိမ်တိုင် တွေ့ဆုံခဲ့ဖူးပေမဲ့ ဒုတိယ သက်တမ်းမှာတော့ ယခုအချိန်အထိ မတွေ့ဆုံရသေးပါဘူး။

ဒေါ်နယ်ထရမ့်က အမေရိကန်-တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို လျှော့ချဖို့ ညွှန် ကြားခဲ့ပြီး ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ ကင်ဂျုံအန်းကို စော်ကားရာရောက်တယ်လို့ ပြောဆိုခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှု အရွယ်အစား လျှော့ချလိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ အာရှမဟာမိတ် တွေကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပေမဲ့ ပင်တဂွန်စကတော့ စစ်ရေးပြင်ဆင်မှု ရည်မှန်းချက်တွေကို ထိခိုက်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ကင်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်ယိုဂျောင်က ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအန်းတို့ကြား ဆက်သွယ် ပြောဆိုမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းကို သူမအနေနဲ့ လုံးဝမသိရှိရကြောင်း ထုတ်ပြန်ပါတယ်။

ကင်ဂျုံအန်းဟာ ဒေါ်နယ်ထရမ့်အပေါ် ကောင်းမွန်တဲ့ အမှတ်တရနဲ့ ခံစားချက်တွေ ရှိနေဆဲဖြစ်ပြီး ခေါင်းဆောင်နှစ်ဦးကြား ဆက်ဆံရေးဟာ အလွန်ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေဆဲလို့ သူက ဆိုပါ တယ်။

ကိုးကား – AFP
Ref; Trump says he will meet North Korea’s Kim Jong Un later this year