ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ ကျိုးပေါက်ရာမှ စတင်ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုသည် ယခုအခါ ငါးသိုင်းချောင်းမြို့တွင်းအထိ ရေလွှမ်းမိုး ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ငဝန်တာ ကျိုးပေါက်မှု သုံးပတ်ကျော် ကြာမြင့်လာပြီ ဖြစ်သဖြင့် ကျိုးပေါက်သည့် နေရာတွင် သံမဏိတန်းစီနံရံများ (Steel Sheet Piles) ထည့်သွင်းထားပြီးဖြစ်ကာ၊ ရေစီးဒဏ် ခံနိုင်ရန်အတွက် ထပ်မံ၍ စတီးပိုက်လုံးကြီးများ (Standpipes) တန်းစီ ချထားပြီး ယင်းပိုက်လုံးများအတွင်း သဲအိတ်များ ထည့်သွင်းကာ တာတုတ်ရန် ပြုပြင်နေကြောင်း ရွေးတု အစိုးရထံမှ သိရသည်။

လက်ရှိတွင် ငါးသိုင်းချောင်းမြို့အတွင်းသို့ ရေဝင်ရောက်နေသဖြင့် ဒေသခံများ ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ရန် ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးနေရပြီး၊ ဘုန်းတော်ကြီးကျောင်းများတွင် ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေး စခန်းများ၌လည်း ရေဘေးရှောင် ပြည်သူများဖြင့် ပြည့်လျှံနေပြီဖြစ်ကြောင်း ဒေသခံ များထံမှ သိရသည်။
“ငါးသိုင်းချောင်းမြို့က ဒေသခံတွေက ရေဘေးလွတ်ရာ ကုန်းမြင့်နေရာတွေမှာ သူတို့ဘာသာ အဆင်ပြေသလို တဲထိုး၊ မိုးကာစကာပြီးတော့ နေနေကြရတယ်။ အစားအသောက်အတွက်လည်း ရှိတာလေးနဲ့ပဲ မျှစားနေကြရတယ်။ ရေတက်ချိန်မှာ အရေးပေါ် ပြေးရှောင်လိုက်ရလို့ အဝတ်အစားတွေတောင် မပါလာကြဘူး” ဟု ဒေသခံ ပရဟိတ လူငယ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ငဝန်တာ ကျိုးပေါက်မှုကြောင့် လာမည့်ရက်ပိုင်းအတွင်း ငါးသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်နှင့် သာပေါင်းမြို့နယ်များသို့ ရေဝင်ရောက် ပျံ့နှံ့မှု ပိုမိုများပြားလာနိုင်ကြောင်းနှင့် ဒါးကမြစ်ရေ မြင့်တက်မှုကြောင့် ကျုံပျော်မြို့နယ်တွင် ရေပိုမို များပြားလာနိုင်ကြောင်း မြန်မာနိုင်ငံ ပထဝီဝင်အသင်း (Geographical Society of Myanmar) ထံမှ သိရသည်။
ဧရာဝတီတိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှု၊ မြစ်ရေမြင့်တက်မှုနှင့် တာကျိုးပေါက်မှုများကြောင့် လေး မျက်နှာ၊ အိုက်သပြု၊ ငါးသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်၊ ဟင်္သတနှင့် ဇလွန်မြို့တို့တွင် ရေဘေးလွတ်ရာ ရှောင်တိမ်းနေရသည့် ပြည်သူ အရေအတွက်မှာ သိန်းနှင့်ချီ ရှိနေပြီး အရေးပေါ် စားနပ်ရိက္ခာနှင့် ကူညီကယ်ဆယ်ရေးများ အဓိက လိုအပ်လျက်ရှိကြောင်း လူမှုကူညီရေး အဖွဲ့အစည်းများထံမှ သိရသည်။
ဓာတ်ပုံ – ရွေးတု အစိုးရ၊ လူမှုကွန်ရက်
ပုံစာ – ငဝန်တာ ကျိုးပေါက်မှုကို သဲအိတ်များနှင့် စတီးပိုက်လုံးများ အသုံးပြု၍ ပြုပြင်နေစဉ်