‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၂၀ရက်
‎‎

ရခိုင်‌ရေပိုင်နက်အတွင်း တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းမှုဖြင့် ဖမ်းဆီးအရေးယူခံထားရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၂၄ ဦးကို အာရက္ခတပ်တော် (AA) က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) တာဝန်ရှိသူများထံ ယမန်နေ့ ဩဂုတ် ၁၉ ရက် မွန်းလွဲပိုင်းက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
‎​

အဆိုပါ ငါးဖမ်းသမားများသည် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ် နှစ်ဦးပိုင်းအတွင်း မောင်တောမြို့နယ်၊ ကျောက်ပန္ဒူနှင့် အင်းဒင် ကမ်းခြေအနီး ရခိုင်ရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက် ငါးဖမ်းခဲ့ကြသူများဖြစ်ပြီး AA ကမ်းခြေစောင့်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူများဖြစ်သည်။

ထိုသို့ဖမ်းဆီးခံရသူများကို အာရက္ခပြည်သူ့တော်လှန် ရေး အစိုးရ၏ တရားဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားရုံးမှ ပြစ်ဒဏ်များ ချမှတ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါတွင် ၎င်းတို့ကို နောက်နောင် တရားမဝင် ကျူးကျော်ဝင်ရောက်ခြင်း မပြုရန် ကတိခံဝန်ချက် လက်မှတ်ရေးထိုးစေပြီးနောက် နတ်မြစ်အတွင်းရှိ နယ်ခြားမျဉ်းတစ်နေရာ၌ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ထံ ဘေးကင်းစွာ ပြန်လည် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်‌ကြောင်း Arakan princess media ၏ ဖော်ပြချက်အရ သိရသည်။

 

အဆိုပါ လွှဲပြောင်းပေးမှုသည် ဘင်္ဂလားဒေ့ရှ် ရေလုပ် သားများ၏ မိသားစု စားဝတ်နေရေး အကျပ်အတည်းများကို ထောက်ထားငဲ့ညှာသည့်အပြင် နှစ်ဖက် အဖွဲ့အစည်းများအကြား နယ်စပ်ရေးရာ ပူးပေါင်းဆောင် ရွက်မှု ပိုမို အားကောင်းလာစေရန် ရည်ရွယ်ခြင်းဖြစ် ကြောင်း သိရသည်။
‎​

နောင်တွင်လည်း ရခိုင် ရေပိုင်နက်အတွင်းသို့ တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းပါက မည်သူ့ကိုမဆို တရားဥပဒေနှင့်အညီ ထိရောက်ပြတ်သားစွာ ဆက် လက် အရေးယူသွားမည်ဟု AA က ထုတ်ပြန်ထားသည်။

 

အာရက္ခတပ်တော် (AA)သည် ပြီးခဲ့သည့် မေ ၉ ရက်ကလည်း ငါးခိုးဖမ်းသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၄ဦးကို AAက BGB ထံတရားဝင်လွှဲပြောင်းပေးအပ်မှုများ ပြုလုပ်ထားခဲ့သည်။
‎‎

ဓာတ်ပုံ- APM
‎ပုံစာ- ငါးခိုးဖမ်းသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို လွှဲပြောင်းပေးစဉ်