ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်

 

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့တွင် ငဝန်မြစ်ရေ ဆက်လက်မြင့်တက်လာမှုကြောင့် မြို့ပေါ်ရှိ ရပ်ကွက်အများစုအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး ရေဘေးသင့် ပြည်သူများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေရကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

 

ငါးသိုင်းချောင်းမြို့အတွင်းသို့ ဩဂုတ် ၁၇ ရက်မှစတင်၍ မြစ်ရေ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ရေဘေးသင့် ဒေသခံများကို လူမှုကူညီရေးအဖွဲ့အစည်းများက ရွှေဘိုရပ်ကွက်ရှိ သာသနာ့အလင်းရောင် ဘုန်းတော်ကြီးကျောင်း အပါအဝင် ဘေးလွတ်ကင်းရာ ယာယီကယ်ဆယ်ရေးစခန်းများသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

“တစ်မြို့လုံးနီးပါး ရေမြုပ်တယ်ပြောလို့ရတယ်။ လက်ရှိ အစားအသောက်တွေတော့ လာဝေကြတာရှိပါတယ်။ လူမှုကူညီရေးအသင်းတွေကလည်း ခုထိ ရွှေ့ပြောင်းပေးနေရတုန်းပဲ၊ မြစ်ရေကလည်း ဆက်တက်နေတယ်” ဟု ငါးသိုင်းချောင်း ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထို့ပြင် လေးမျက်နှာနှင့် အိုက်သပြု မြို့နယ်တို့တွင်လည်း ရေများ ဆက်လက်မြင့်တက်နေသဖြင့် ဒေသခံများကို ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးနေရဆဲဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

အလားတူ ဧရာဝတီမြစ်ဘေးရှိ ဆိပ်သာ၊ မြန်အောင်၊ ဇလွန်၊ ဟင်္သတမြို့များနှင့် ဧရာဝတီမြစ်လက်တက် တိုးမြစ်စိုးရိမ်ရေမှတ် ရောက်ရှိနေသည့် မအူပင်မြို့တို့တွင်လည်း မြစ်ရေများ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ မြို့များတွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသည့် မြစ်ရေသည် လာမည့် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ် / လူမှုကွန်ရက်
ပုံစာ – ငါးသိုင်းချောင်းမြို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် မြင်ကွင်း