ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်

 

နွားငယ်တစ်ကောင်နှင့် မိုးကောင်းငှက်တစ်ကောင်တို့အကြောင်း ရိုက်ကူးထားသည့် ရုပ်ထွက် အရည်အသွေး နိမ့်ပါးလှသော အန်နီမေးရှင်း ရုပ်ရှင်ကားတစ်ကားသည် တရုတ်ရုပ်ရှင်ရုံများတွင် Spider-Man နှင့် The Odyssey ကဲ့သို့သော လူကြိုက်များသည့် ဟောလိဝုဒ် ရုပ်ရှင်များနှင့် ရင်ဘောင်တန်းကာ မထင်မှတ်ဘဲ ရုံဝင်ငွေကောင်းမွန်နေကြောင်း သိရသည်။

 

“The Cow is Coming” (နွားမတစ်ကောင် လာနေသည်) ဟု အဓိပ္ပာယ်ရသည့် မိနစ် ၈၆ မိနစ်စာ “Niu Lai” အမည်ရှိ အဆိုပါ အန်နီမေးရှင်း ရုပ်ရှင်သည် နွားပေါက်စလေးတစ်ကောင်နှင့် မိုးကောင်းငှက် တစ်ကောင် တို့အကြား သံယောဇဉ်ဖြစ်ပေါ်လာပုံကို ပုံဖော်ထားခြင်းဖြစ်သည်။

အဆိုပါ ရုပ်ရှင်ကို ပြီးခဲ့သည့် ဩဂုတ် ၅ ရက်တွင် စတင်ရုံတင်ခဲ့စဉ်က ပထမ ၁၀ ရက်အတွင်း တစ်နိုင်ငံလုံး၌ လက်မှတ်ဝယ်ယူ ကြည့်ရှုသူ ၃၀၀ ခန့်သာရှိခဲ့ပြီး ရုံဝင်ငွေ တရုတ်ယွမ် ၇,၇၀၀ သာ ရရှိခဲ့သည်။ ထို့ပြင် ရုံတင်ခြင်းမပြုမီ ကြော်ငြာမိတ်ဆက်မှုများ၊ နမူနာ (Trailer) ပြသမှုများလည်း ပြုလုပ်ခဲ့ခြင်း မရှိပေ။

 

သို့သော် လူမှုကွန်ရက်ပေါ်တွင် အဆိုပါရုပ်ရှင်၏ ရုပ်ထွက်နှင့် ဇာတ်လမ်း မည်မျှအထိ ညံ့ဖျင်း လွန်းကြောင်း လှောင်ပြောင်သည့် ဟာသများ ရေပန်းစားကာ ပျံ့နှံ့သွားခဲ့ခြင်းကြောင့် ပရိသတ်များက မည်မျှအထိ ညံ့ဖျင်းနေမည်ကို စပ်စုလို၍ သွားရောက်ကြည့်ရှုခဲ့ကြသည်။

 

ထိုသို့ စပ်စုလို၍ သွားရောက်ကြည့်ရှုသူများပြားလွန်းခြင်းကြောင့် တရုတ်ရုပ်ရှင် ရုံဝင်ငွေစောင့် ကြည့်သည့် Mao Yan ဝက်ဘ်ဆိုက်၏ စာရင်းများအရ ရုံဝင်ငွေ ယွမ် ၁၄ ဒသမ ၉ သန်း (ယွမ် ၁၅ သန်းနီးပါး) အထိ မြင့်တက်လာခဲ့ပြီး ယခုနှစ်၏ ရုံဝင်ငွေ အကောင်းဆုံး ရုပ်ရှင်များထဲတွင် ပါဝင်လာခဲ့သည်။

Niu Lai ရုပ်ရှင်၏ အောင်မြင်မှုသည် ရုပ်ရှင် ကောင်းမွန်မှုကြောင့် မဟုတ်ဘဲ ညံ့လွန်း၍ပင် ပြန်ကြည့်ချင်စရာကောင်းနေခြင်းကြောင့်ဖြစ်ပြီး အဆိုပါ ရုပ်ရှင်ကို သားအမိနှစ်ဦးဖြစ်သည့် ရှင်းယုမန်း နှင့် ဆန်းလီဖန်း တို့နှစ်ဦးတည်းက စာရေးဆရာ၊ ဒါရိုက်တာ၊ အသံသရုပ်ဆောင်နှင့် ထုတ်လုပ်သူအဖြစ် ၅ နှစ်ကြာ အချိန်ယူ အလုံးစုံ ဖန်တီးခဲ့ခြင်းဖြစ်သည်။ ရုပ်ရှင်အရည်အသွေး ညံ့ဖျင်းလွန်းသဖြင့် ရုံမတင်ရန် တားမြစ်ခံခဲ့ရသော်လည်း ဇွဲရှိရှိဖြင့် ရုံတင်ပြသခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အချို့သော ရုပ်ရှင်ချစ်သူများက AI နည်းပညာများ ခေတ်စားနေချိန်တွင် ယခုကဲ့သို့ ရှေးကျပြီး အရည်အသွေး နိမ့်ပါးလှသော ရုပ်ထွက်မျိုးဖြင့် ဖန်တီးထားသည့် Niu Lai သည် မူလသဘာဝအတိုင်း ပြန်လည်ဆန်းသစ်ထားခြင်းဖြစ်သည်ဟု ချီးကျူးမှုများ ရှိခဲ့သည်။

 

“Niu Lai ရုပ်ရှင်ဟာ ဇာတ်လမ်း၊ အထူးပြုလုပ်ချက် စတဲ့ ရုပ်ရှင်တစ်ကားမှာ ရှိသင့်တဲ့ အစိတ်အပိုင်း အားလုံးမှာ စိတ်ကူးလို့ရသမျှ ဘက်ပေါင်းစုံကနေကို ညံ့လွန်းတာပါ။ ဒါပေမဲ့ ရယ်စရာကောင်းတာက အဲဒီလို ညံ့လွန်းနေတာကပဲ ပရိသတ်တွေရဲ့ စပ်စုလိုစိတ်ကို ဆွဲဆောင်လိုက်သလို ဖြစ်သွားတာပါ” ဟု တရုတ်ရုပ်ရှင် အသိုင်း အဝိုင်းမှ ပညာရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

 

ကိုးကား the Guardian