ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်
ရုရှားနိုင်ငံရောက်ရှိနေသာ ရွေးတုအစိုးရသမ္မတ မင်းအောင်လှိုင်၏ခရီးစဉ်တွင် ကဏ္ဍပေါင်းစုံပါဝင်သောနားလည်မှုစာချွန်လွှာ ၁၂ လက်မှတ်ရေထိုးထားပြီး မြန်မာနိုင်ငံတွင် သံမဏိနှင့် မြေဩဇာ စက်ရုံတည်ဆောက်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားသည်။
အဆိုပါနားလည်မှုစာချွန်လွှာတွင် လျှပ်စစ်စွမ်းအားကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍများ၊ ဒီဂျစ်တယ်၊ ယာဉ်ကျေးမှုနှင့်အနုပညာ၊ ဂြိုလ်တုလမ်းညွှန်မှုစနစ်နှင့် အာကာသကဏ္ဍများပါဝင်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် သဘာဝသယံဇာတရှာဖွေရေး၊ ကမ်းလွန်အပါအဝင် ရေနံဓာတ်ငွေ့တူးဖော်ရေး၊ LNG တင်ပို့ရန် အလားအလာများစွာရှိပြီး အခြားနိုင်ငံများသို့လည်းတင်ပို့နိုင်ကြောင်းနှင့် ရေနက်ဆိပ်ကမ်းတည်ဆောက်မှု စီမံကိန်းကိစ္စ အပါဝင် နည်းပညာပိုင်း၌ Cyber Security ၊High – Tech နယ်ပယ်မှာရုရှားကုမ္ပဏီများ၏ အဆိုပြုချက်များရှိကြောင်း ရုရှားသမ္မတ ပူတင်က ဆိုသည်။
ထို့ပြင် ရန်ကုန်မြို့တွင် ရုရှား Orthodox ခရစ်ယာန်ဘုရားကျောင်းဆောက်ရန် အတည်ပြုထားပြီး ယခင်နှစ်က အဏုမြူဓာတ်အားပေးစက်ရုံတည်ဆောက်ရန် အတည်ပြုထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံမှုများ တိုးတက်စေရန်အတွက် ပွင့်လင်းမြင်သာမှုရှိသော စီးပွားရေးပတ်ဝန်းကျင်ကောင်းတစ်ခုဖန်တီးပေးရန်၊ လုပ်ထုံးလုပ်နည်းများပြုပြင်ပြောင်းလဲရန်၊ တာဝန်ယူမှုရှိသည့် ရင်းနှီးမြှပ်နှံမှုအထူးဖိတ်ခေါ်ကြောင်း ရွေးတုသမ္မတက ဆိုသည်။
“ မြန်မာနဲ့ ရုရုားဟာ ဒေသတွင်းနဲ့ နိုင်ငံတကာစာမျက်နှာမှာ အပြန်အလှန်ထောက်ခံကြပါတယ်။ မျက်မှောက်ခေတ် ကမ္ဘာ့ရေးရာကိစ္စရပ်တွေအပေါ်မှာလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး နောင်အနာဂတ်မှာလည်း မိမိတို့နှစ်နိုင်ငံဟာ နိုင်ငံတကာမျက်နှာစာမှာ နီးကပ်စွာဆက်လက်ပူးပေါင်းဆောင်းရွက်သွားဖို့သဘောတူထားပါတယ်” ဟု ရွေးတုသမ္မတက ပြောသည်။
ထို့ပြင်နှစ်နိုင်ငံကုန်သွယ်ရာတွင် မြန်မာနိုင်ငံက သရက်သီးအနှစ်နှင့်တန်ဖိုးမြှင့်ထုတ်ကုန်များအပါအဝင် အဝတ်အထည်များတင်ပို့ပြီး ရုရှားနိုင်ငံမှ စက်သုံးဆီနှင့် ဓာတ်မြေဩဇာများအဓိကတင်သွင်းနေကြောင်းသိရသည်။
လက်ရှိတွင် ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ ရေနံ၊သဘာဝဓာတ်ငွေ့နှင့် စက်မှုကဏ္ဍများတွင် အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၃၅၉ သန်းတန်းဖိုး ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ – PPIB